မေး။ ။ ဒီကာလမှာ ဘာကြောင့်ဘဏ်အကောင့်တွေ အပိတ်ခံရတာလဲ။ ဒါကိုအရင်ရှင်းပြပေးပါဦး။
ဖြေ။ ။ ပထမဆုံးပြောချင်တာက စစ်ကောင်စီဟာ သူတို့ကို တော်လှန်တဲ့သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ပါတယ်။ အဲဒီထဲမှာ ဘဏ်အကောင့်တွေပိတ်သိမ်းတာလည်းပါပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဖိနှိပ်နည်းတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တဲ့လူတွေနဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ ဘဏ်အကောင့်တွေကို ပိတ်ခိုင်းပါတယ်။ ဒီနေရာမှာ လုပ်ငန်းစဉ်ကို နည်းနည်းရှင်းပြရရင် စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သူတွေ၊ သူတို့ပြောနေတဲ့ PDF၊ NUG၊ CRPH ပေါ့လေ။ အဲဒါတွေနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေ၊ မိုဘိုင်းငွေကြေးအကောင့်တွေကို နည်းမျိုးစုံနဲ့ စုံစမ်းတယ်။ နည်းလမ်းပေါင်းစုံဆိုတဲ့နေရာမှာ လှူမယ့်လူပုံစုံနဲ့စုံစမ်းတာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို စစ်တာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေကို စစ်ဆေးတာလည်း ရှိတယ်။ အဲဒီလိုနဲ့ ရလာတဲ့ အကောင့်တွေကို စာရင်းလုပ်ပြီး ဗဟိုဘဏ်ကို ပို့ပါတယ်။ ဗဟိုဘဏ်က သက်ဆိုင်ရာ ပုဂ္ဂလိက ဘဏ်တွေကို ဒီအကောင့်တွေကို ပိတ်ဖို့ဆိုပြီး ညွှန်ကြားပါတယ်။ အဲဒါကြောင့် ဘဏ်အကောင့်တွေ အပိတ်ခံရတာဖြစ်ပါတယ်။
မေး။ ။ ဘဏ်တွေဘက်ကရော ဒါကို စာသုံးသူကာကွယ်မှု မူဝါဒတွေအရ မပိတ်ဘဲ ထားလို့မရဘူးလား။
ဖြေ။ ။ မှန်ပါတယ်။ ဒါက အားလုံးလဲသိချင်မယ်ထင်တယ်။ ဝန်ဆောင်မှုလုပ်ငန်းတိုင်းမှာ စားသုံးသူကာကွယ်ပေးရေးမူဝါဒတွေရှိပါတယ်။ ကိုယ့်ဖောက်သည်ရဲ့အချက်အလက်ကို လုံခြုံအောင်ထားရမယ်။ ကိုယ့်ဖောက်သည်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရမယ်။ ဒါအရေးကြီးပါတယ်။ အမေရိကန်မှာဆို ဒေါ်နယ်ထရမ့်လက်ထက်က တရားရုံးက အိုင်ဖုန်း ပါ့စ်ဝါ့ဒ်ကို ဖွင့်ခိုင်းတာ Apple က သူ့ရဲ့ စားသုံးသူအချက်အလက်ကာကွယ်ရေး မူဝါဒအရဆိုပြီး ဖွင့်မပေးခဲ့ဘူး။ ဒီမှာလည်း ဒါမျိုးမူဝါဒတွေရှိပါတယ်။ ဘဏ်လုပ်ငန်းလိုမျိုး၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုမျိုးတွေက သုံးစွဲသူရဲ့အချက်အလက်ကို သေသေချာချာထိန်းသိမ်းပါတယ်။ ဒါပေမယ့် အာဏာရှင်လက်ထက်မှာတော့ ဒါတွေလည်း ဘာမှလုပ်လို့မရပါဘူး။ သူတို့(အာဏာပိုင်)က ပေးဆို ပေးရတဲ့ အခြေအနေမှာရှိတယ်။ အကယ်လို့ မပေးဘူးဆိုရင် နည်းမျိုးစုံနဲ့ လုပ်ငန်းကို ဒုက္ခပေးလိမ့်မယ်။ ဆက်သွယ်ရေးကုမ္ပဏီတွေလည်း သူတို့(အာဏာပိုင်)က ပိတ်ဆို ပိတ်ရတာပဲ။ ခိုးနားထောင်ဆို ထောင်ရတာပဲ။ ဒါမျိုးတွေမလုပ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ လုပ်ငန်းကို ပိတ်ရင်ပိတ်လိုက်၊ မပိတ်ရင် သူများကို ရောင်းလိုက်ဖို့ပဲရှိတယ်။ ဥပမာ – တယ်လီနောလိုပေါ့။ ဒါပေမယ့် ဒီလိုရောင်းလိုက်ရင် ဘယ်သူထိခိုက်မလဲဆိုတော့ အများဆုံးထိခိုက်တာ သုံးစွဲတဲ့ ပြည်သူပါပဲ။ ကုမ္ပဏီဘက်ကတော့ ထိခိုက်မှုရှိတာပေါ့လေ။ ရောင်းလိုက်တယ်ဆိုရင်လည်း ဒီလုပ်ငန်းကို ဝယ်မယ့်သူက စစ်အာဏာရှင်နဲ့ အဆင်ပြေအောင်ပေါင်းမယ့် လုပ်ငန်းရှင်ပဲဖြစ်မှာပဲ။ အဲဒီတော့ ရှေ့ဘုန်းကြီးတချက်ခေါက်၊ နောက်ဘုန်းကြီး ၂ ချက်ခေါက်ဆိုသလို ဖြစ်နေလိမ့်မယ်။ အကယ်လို့ လုပ်ငန်းပိတ်လိုက်တယ်ဆိုရင်လည်း ပြည်သူတွေအနေနဲ့က ဒီဝန်ဆောင်မှုတွေကို အာဏာရှင်အလိုကျလည်ပတ်တဲ့ လုပ်ငန်းတွေဆီမှာပဲ ဆက်ပြီး သုံးစွဲနေရဦးမှာပေ့ါ။ ရွေးချယ်စရာတစ်ခု လျော့သွားတာပဲရှိမှာပါ။
မေး။ ။ သုံးစွဲသူတွေအနေနဲ့ရော ဆုံးရှုံးမှုတွေ မဖြစ်အောင် ဘာတွေလုပ်ဆောင်သင့်လဲ။
ဖြေ။ ။ သုံးစွဲသူတွေအနေနဲ့ သတိထားရမယ်။ ကိုယ်နဲ့ဆက်စပ်တဲ့သူတွေ ဖမ်းဆီးခံရတာမျိုး၊ ကိုယ့်အကောင့်နဲ့ ငွေလွှဲပေးထားသူတွေ၊ တော်လှန်ရေးမှာ ပါဝင်ပတ်သက်သူတွေ ဖမ်းဆီးခံရတာမျိုးရှိတယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်ထဲက ရှိတာကို ထုတ်ထားတာ၊ ရွှေ့ပြောင်းတာမျိုးလုပ်ထားဖို့လိုတယ်။ နောက်ဆုံးဘဏ်အကောင့် ပိတ်ခံရရင်တောင် ဆုံးရှုံးမှုနည်းအောင်ပေါ့။ နောက်တစ်ခုက ကိုယ့်အကောင့်နဲ့ ငွေလွှဲတာ၊ လက်ခံတာလုံမယ်ဆိုရင် ၂ဖက်လုံး လုံခြုံစိတ်ချရတဲ့ အခြေအနေရှိ၊ မရှိ သေချာအောင်လုပ်ပြီးမှ လုပ်ဆောင်သင့်တယ်။ ဒါဆိုရင်တော့ အထိုက်အလျောက်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါလိမ့်မယ်။ မှားယွင်းပြီး အပိတ်ခံရတယ်ဆိုရင်လည်း ဘဏ်အလိုက်လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ပါ။ ပြန်ရပါလိမ့်မယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာဘာများ ရှိဦးမလဲ။
ဖြေ။ ။ ဖြည့်စွက်ပြောချင်တယ်ဆိုတာထက် မေတ္တာရပ်ခံချင်တာပေ့ါလေ။ တော်လှန်ရေးအင်အားစုတွေက အကောင့်ပိတ်ခံရလို့၊ ငွေကြေးဆုံးရှုံးလို့ဆိုပြီး ဘဏ်တွေကို တိုက်ခိုက်တာမျိုးတွေ့ရတယ်။ ဒါမျိုးတွေတော့ မလုပ်ဖို့ မေတ္တာရပ်ခံချင်တယ်။ ပုဂ္ဂလိကဘဏ်တွေကလည်း ပိတ်ချင်လို့ပိတ်ရတာမဟုတ်ပါဘူး။ အပေါ်ကနေဓားမိုးပြီး ပိတ်ခိုင်းနေတဲ့ အခြေအနေမျိုးပါ။ ဘဏ်တွေက သုံးစွဲသူကို ပိုတောင်ကာကွယ်ပေးခြင်ပါတယ်။ ဘဏ်တွေထိခိုက်လို့ ပိတ်လိုက်ရရင် ခုနပြောသလိုပဲ ပြည်သူတွေပိုပြီး ထိခိုက်ပါလိမ့်မယ်။ စစ်ကောင်စီအတွက် ထိခိုက်စရာ သိပ်မရှိပါဘူး။ ဒါကြောင့် လိမ္မာပါးနပ်စွာပဲ အသုံးချပါလို့ အကြံပေးချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။