ဆူရတ်ဌာနီက မြန်မာစာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေ ဝင်ဖမ်း
မဲခေါင်၊ ဇန်နဝါရီ ၃၀
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ရှိ နိုင်ငံတကာ ဘုရားရှိခိုးကျောင်းမှာ မြန်မာစာသင်နေတဲ့ကျောင်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၉ ရက်မှာ ဝင်ရောက်ဖမ်းဆီးပြီး အရေးယူဖို့ ပြင်ဆင်နေပါပြီ။
ဝင်ရောက် ဖမ်းဆီးမှုမှာ နိုင်ငံခြားသားတွေဖြစ်ပါလျှက် အလုပ်လုပ်ခွင့်ပါမစ်လည်း မရှိဘဲ ကျောင်းဖွင့်လှစ်သင်ကြားနေတာဖြစ်လို့ သက်ဆိုင်သူအားလုံးကို အရေးယူသွားရမှာဖြစ်ကြောင်း ကို့ဖန်ငန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကျောင်းသား ၁၉၀ ကျော် တက်ရောက်နေပြီး မြန်မာ ဆရာမ ၄ ယောက်က စာသင်ကြားပြသပေးနေရာမှာ တစ်လ ကျောင်းလခ ဘတ် ၃၀၀ နဲ့ ၅၀၀ ရယူကာ ကလေးမိဘတွေအားလုံး ကို့ဖန်ငန်မှာ အလုပ်လုပ်ကြတဲ့ လုပ်သားတွေဖြစ်လို့ အလုပ်သွားချိန် ရင်သွေးတွေကို စောင့်ရှောက်သင်ကြားပေးတဲ့ အလုပ်လုပ်ကိုင်တာ ဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေက တုံ့ပြန်ပြောဆိုပေမယ့် ထိုင်းအာဏာပိုင်တွေက မြန်မာသင်ရိုးညွှန်းတမ်း စာအုပ် ၃၁ အုပ်ကိုပါ သက်သေအဖြစ် ယူဆောင်သွားပြီး အရေးယူမှုတွေ လုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ထိုင်းရောက် မြန်မာလုပ်သားတွေကြားမှာရော ပြည်ပနိုင်ငံသားပေါင်းများစွာကပါ ဘယ်နိုင်ငံမှာမွေးတဲ့ကလေးဖြစ်ပါစေ ကလေးငယ်တိုင်းမှာ အများနဲ့တန်းတူ ပညာသင်ကြားခွင့်ပြုရမှာဖြစ်ကြောင်းနဲ့ ကလေးငယ်တွေ ရှေ့မှာပဲ အားလုံး အထိတ်တလန့်ဖြစ်စေဖို့ အင်အားသုံးပြီး ကျောင်းထဲ ဝင်ရောက် ဖမ်းဆီးခြင်းဟာလည်း မလုပ်သင့်တဲ့ လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။
Ref: Khaosod
MKF-001
#MeKongNews









