နားလည်မှုလွဲကာ လက်နက်ဖြုတ်သိမ်းခံရတဲ့ ကျောက်မဲ ပကဖ ပုံမှန်အတိုင်း စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်ခွင့်ရရှိ
မဲခေါင်၊ ဇန်နဝါရီ ၂၂
ကျောက်မဲမြို့ ဒေသခံတချို့ကို ဒလန်စွပ်စွဲချက်နဲ့ ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် ပကဖအဖွဲ့ကို လက်နက်ဖြုတ်သိမ်းကာ တာဝန်က ရပ်စဲခဲ့တာ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ရင်းဖြစ်ပြီး အခုလက်ရှိမှာ ပုံမှန်အတိုင်းစစ်ရေးလှုပ်ရှားမှု ပြန်လည်ပြုလုပ်ဆောင်နေပြီလို့ ကျောက်မဲ ပကဖ စစ်ရေးတာဝန်ခံက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလထဲမှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး TNLA က လက်နက်ဖြုတ်သိမ်းတာလို့ သတင်းထွက်ပေါ်နေတာပါ။
“ကျနော်တို့ရဲ့ခရိုင်မှူးက နားလည်မှုလွဲသွားခဲ့တာ၊ အခုတော့လုံးဝ ပြန်အဆင်ပြေသွားပြီ၊ မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံက မြို့မှာ၊ ကျွန်တော်က စစ်ရေးတာဝန်ခံ၊ ရှေ့တန်းမှာ ၊ မဟာမိတ်တွေနဲ့အတူတူရှိနေပါတယ်” လို့ကျောက်မဲပကဖက လက်နက်သိမ်းခံရသူ ကိုအိုက်ပီက မဲခေါင်ကိုပြောပါတယ်။
ဒလန်စွပ်စွဲချက်နဲ့ ဖမ်းဆီးနှိပ်စက်ခံသူ ဦး(—–)ဆိုသူဟာ စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သလို စစ်ကောင်စီသတင်းပေးတစ်ဦးလည်းဖြစ်ကြောင်းကို ကျောက်မဲမြို့သိမ်းတိုက်ပွဲမှာ စရဖ(စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ရုံးကို စီးနင်းစဉ်က သိမ်းဆည်းရမိတဲ့ လျှို့ဝှက်ကြေးနန်းတွေနဲ့ သတင်းပေးကိုယ်ရေးအချက်အလက်တွေအရ သိရလို့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ အာဏာသိမ်းမှုစတင်ကတည်းက မြို့ပြအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေကို စစ်ကောင်စီထံ ဦး(——-)က သတင်းပေးတိုင်တန်းခဲ့တာကြောင့် စစ်ကောင်စီဆန့်ကျင်သူတွေ တော်တော်များများ ဖမ်းဆီခံခဲ့ရတယ်လို့ ကိုအိုင်ပီကပြောပါတယ်။
” ကျောက်မဲတမြို့လုံးကိုမေးကြည့်ပါ၊ သူ(ဦး——–)ရှိလို့ နေရတာမလုံခြုံပါဘူးဆိုတဲ့သူတွေချည်းပါပဲ၊ သူ့ကို စစ်ကြောတုန်းကတော့ နာကြည်းချက်နည်းနည်းပါသွားတယ်”လို့ပြောပါတယ်။
ဖမ်းဆီးကာလ ၁၁ ရက်အတွင်း ခေါင်းကိုတူနဲ့ထုတာ၊ ပါးစပ်နဲ့နှာခေါင်းပေါက်ထဲ ဆိတ်ချိုတူနဲ့ချိတ်တာ၊ လက်ချောင်းတွေကွဲကြေတဲ့အထိသေနတ်ဒင်နဲ့ထုတာ၊ ဖယောင်းတိုင်မီးနဲ့ရှို့တာတွေလုပ်ခဲ့သလို အသက်ရှုကြပ်အောင် ကျားဝတ်အင်္ကျီလက်ရှည်တစ်ထည်လုံး ပါးစပ်ထဲထည့်ပြီး ထမင်းစားတဲ့တူနဲ့ လည်ချောင်းထဲအထိ ထိုးထည့်တာတွေ၊ ခေါင်းကို အိပ်မဲစွပ်၊ လက်ထိပ်နောက်ပြန်ခတ်ထားတာတွေပြုလုပ်ခဲ့တယ်လို့ နှိပ်စက်ခံရသူတစ်ဦးကပြောကြောင်း မနေ့က မဲခေါင်သတင်းစာမျက်နှာမှာ ဖေါ်ပြခဲ့ပါတယ်။
ဦး(——-)ကို ဖမ်းဆီးနှိပ်စက်ကြောင်းသိရပြီးနောက် TNLA က ကျောက်မဲပကဖအပေါ် စစ်ဆေးမေးမြန်းမှုတွေရှိခဲ့ပေမယ့် ခိုင်လုံတဲ့စာသက်သေ၊ လူသက်သေတွေကြောင့် ပြေလည်ခဲ့ကြောင်း ကျောက်မဲ ပကဖ စစ်ရေးတာဝန်ခံက မဲခေါင်ကိုပြောပါတယ်။
TNLA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် မလွေးယေဦးကတော့ ဒီကိစ္စကိုစုံစမ်းနေတယ်လို့ မဲခေါင်ကိုပြောပါတယ်။
ကျောက်မဲပကဖက ဦး(——-)ကိုဖမ်းဆီးပြီး သူ့ရဲ့ဝန်ခံ ထွက်ဆိုချက်အရ နောက်ထပ် အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးတို့ကိုဒလန်အဖြစ် ဖမ်းဆီးပြီး TNLA ရဲ့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။
ကျောက်မဲ ပကဖတွေ ဖမ်းဆီးထားသူ ၁၀၀ ကျော်ရှိတယ်ဆိုတာလည်း အခုကာလမဟုတ်ပဲ မြို့သိမ်းတုန်းက ခိုးဆိုး၊လုယက်နဲ့ ဆေးသမားတွေကို ပူးပေါင်းအဖွဲ့ကဖမ်းဆီးပြီး TNLAရဲ့ ရဲတပ်ဖွဲ့ထံလွှဲအပ်ခဲ့တယ်လို့ ပြောပါတယ်။
ကျောက်မဲပကဖကို ၂၀၂၁ ကတည်းက စတင်ဖွဲ့စည်းခဲ့ပေမယ့် တပ်ရင်းအဆင့်အဖြစ် ၂၀၂၄ မတ်လထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်အသိအမှတ်ပြုဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့နဲ့ စစ်ရေးလုပ်ဆောင်မှုတွေပြုလုပ်နေတာပါ။
ကျောက်မဲမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လပိုင်းထဲမှာ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ ကျောက်မဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ TNLA နဲ့ ကျောက်မဲခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ကျောက်မဲပကဖတို့က နယ်မြေလုံခြုံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးတွေကို ပူးတွဲလုပ်ဆောင်နေပါတယ်။
MK – 016
#MeKongNews








