မဲခေါင်၊ ဇန်ဝါရီ ၃
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ သတ်ဖြတ်ခံရတဲ့ NUG အစိုးရရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒာမာကို အတွင်းလူလုပ်ကြံတာဖြစ်နိုင်တယ်လို့ ဌာနတွင်းမှာ သံသယရှိနေကြပါတယ်။
“ဒီတိုင်းပီးသွားလို့တော့မရဘူး၊ အဲ့တစ်ယောက်က နယ်ခံမဟုတ်ဘူး၊ နောင်ဆို CDM တွေ တာဝန်ထမ်းဆောင်ဖို့ အကုန် လက်တွန့်ကုန်လိမ့်မယ်၊ သေချာတာကတော့ အဖွဲ့ထဲကပဲ လုပ်တာ၊ ရွှေတွင်းတို့ ရှမ်းကလုံးတို့ ဆိုတာကျွန်တော်တို့ နေခဲ့တဲ့နေရာတွေ၊ စစ်တပ်က လုံးဝမလာနိုင်ဘူး၊ ကောလင်းမှာက local မရှိဘူး၊ တပ်ရင်း ပကဖ ပလဖနဲ့ ပအဖ တချို့ကလွဲပြီး ဘယ်သူမှ လက်နက်ကိုင်ခွင့်မရှိဘူး” လို့ CDM ပြုလုပ်ထားပြီး MOD မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် ဦးအရိန္ဒာမာ ဆိုင်ကယ်တိုက်လို့သေဆုံးတာလို့ ကနဦးသတင်းထွက်ခဲ့ပေမယ့် ဦးခေါင်းကိုသေနတ်နဲ့ တေ့အပစ်ခံရလို့ ဝဲဘက်နားထင်ကနေ ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးလျက်တွေ့ရှိခဲ့တာလို့ CDMer တစ်ဦးက ပြောပါတယ်။
NUG အစိုးရနဲ့ နီးစပ်သူတစ်ဦးက “အဲဒီဒေသက လက်နက်ကိုင်အင်အားစုတွေ အဖွဲ့လိုက် သူတလူ ငါတစ်မင်းလိုဖြစ်နေကြတာ၊ ဘာကြောင့် သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူး၊ အကျိုးစီးပွားအတွက်ကြောင့်လား၊ လူပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်လား၊ ဘယ်အဖွဲ့အစည်းက ဒီလိုလုပ်ရပ်မျိုးလုပ်တယ်ဆိုတာ သေချာစုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသင့်တယ်” လို့ ပြောပါတယ်။
ဦးအရိန္ဒာမာ လုပ်ကြံသက်ဖြတ်ခံရတဲ့ ဒေသဟာ ရွှေမျှောလုပ်ငန်းလုပ်ကိုင်ကြသူ အများစုရှိတဲ့နေရာဖြစ်ပြီး ကောလင်းဒေသကို အမှတ် (၁)စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကောင်စီက စစ်ကြောင်း ပြန်ထိုးပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်လည်တပ်စွဲပြီး ကောလင်းမြို့ကို ထိန်းချုပ်ထားပါတယ်။
ဦးအရိန္ဒာမာရဲ့ ရုပ်အလောင်းကို ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ မနေ့က (ဇန်နဝါရီ ၂ ) မွန်းလွဲ ၂ နာရီကျော်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ကောလင်းအနောက်ခြမ်းက တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့နေရာမှာဖြစ်ပြီး ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကို တာဝန်ရှိသူတွေ မသိကြသေးပါဘူး။
ဦးအရိန္ဒာမာဟာ အခွန်ကောက်ရာမှာ စနစ်တကျရှိသလို စည်းကမ်းကြီးသူဖြစ်လို့ မြေပြင်အဖွဲ့တွေက မကျေနပ်ချက်နဲ့ သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ CDM ပြုလုပ်ပြီး NUG ရဲ့ သယံဇာတဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ယူဆပါတယ်။
သူက “မြေပြင်မှာ ပကဖ တွေ၊ ပအဖတွေနဲ့ နေရပေမယ့် လုံခြုံမှုအတွက်တော့ အန္တရာယ်ရှိတဲ့သဘောကို ညွှန်ပြသလို ခံစားလိုက်ရတာပါ၊ ဌာနအတွက် အလုပ်စနစ်တကျလုပ်ပေးသူ ဆုံရှုံးရတော့ အရမ်းနှမြောမိတာပေါ့၊ နောက်ပြီး နောက်ထပ်တာဝန်ထမ်းဆောင်ပေးချင်တဲ့ သူတွေအတွက်ပါ စိန်ခေါ်မှုတစ်ရပ်လို ဖြစ်သွားစေတာပေါ့” လို့ ပြောပါတယ်။
သယံဇာတနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာတူးခေါင်က “အလုပ်လုပ်တဲ့နေရာမှာ ဆရာ့ရဲ့ တိကျသေချာမှု၊ စနစ်ကျမှု၊ အဂတိကင်းမှုတန်ဖိုးတွေကို အမြဲအမှတ်ရနေမှာပါ” လို့ ပြောပါတယ်။
သယံဇာတပိုင်းမှာ လုပ်ငန်းအကျိုးစီးပွားနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းကို ဖမ်းဆီးပိတ်သိမ်းခံရလို့ သတ်ဖြတ်တားလား၊ ပုဂ္ဂိုလ်ရေးကြောင့်လား ဆိုတာကို ဌာနတွင်းမှာပင် ဝေခွဲရခက်နေကြောင်း၊ လက်နက်နဲ့ ဖြေရှင်းစရာ မလိုအပ်တဲ့ကိစ္စမျိုးဖြစ်တာကြောင့် အခုလိုဖြစ်ရပ်မျိုးတွေကို NUG အစိုးရအနေနဲ့ ပအဖ၊ ပကဖ၊ ပလဖအဖွဲ့တွေလည်း ရှိပြီးဖြစ်တဲ့အတွက် NUG ရဲ့ ဦးစီးဌာနနဲ့ လုပ်ငန်းဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်မြေဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အမြန်ဆုံးထိန်းချုပ်ကိုင်တွယ်ပေးဖို့ CDM ပြုလုပ်ပြီး NUG ရဲ့ သယံဇာတဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက အကြံပြုပါတယ်။
“ခုလို အသက်အန္တရာယ်ပါရှိတဲ့ အခြေအနေဆိုရင်တော့ နောက်ထပ် CDM ဝန်ထမ်းတွေအတွက် နယ်မြေသယံဇာတအတွင်းရေးမှူးလုပ်ဖို့ကို စိုးရွံ့ထိတ်လန့်တာပေါ့၊ ကနီမှာ ပညာရေးဝန်ထမ်း ဖြစ်စဉ်ကလည်း ရှိသေးတာဆိုတော့လေ၊ NUG မှာ တာဝန်ထမ်းဆောင်ကြရတဲ့ နယ်မြေဝန်ထမ်းတွေအဖို့ မလုံခြုံတော့တဲ့ သဘောဖြစ်နေပြီ” လို့ CDM ပြုလုပ်ပြီး NUG ရဲ့ သယံဇာတဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောပါတယ်။
အခုဖြစ်စဉ်ကို မှတ်တမ်းယူပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ကျူးလွန်တဲ့တရားခံကို ဖမ်းဆီးရမိရေးအတွက် ဒေသတွင်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားပြီးကြောင်းနဲ့ တရားမျှတမှု ပေါ်ပေါက်လာဖို့ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းထားတယ်လို့ NUG အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပုံမှန်ပြုလုပ်ကြ ဒီကနေ့ပြုလုပ်တဲ့ ZOOM တွေ့ဆုံပွဲမှာ ပြောကြားတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ နို၀င်ဘာ ၄ ရက်က ကနီမြို့နယ်မှာ NUG အစိုးရရဲ့ မြို့နယ်ပညာရေးတာ၀န်ခံ ဦးဝင်းဌေးနဲ့ မိသားစု သုံးဦး လည်လှီးသတ်ဖြတ်ခံခဲ့ရပေမယ့် ဒီကနေအထိ ဘယ်အဖွဲ့အစည်းက အခုလိုလုပ်ဆောင်သွားတယ်ဆိုတာကို မဖော်ထုတ်နိုင်သေးသလို တရားခံဖမ်းဆီးရမိမှုလည်း မရှိသေးပါဘူး။
CJ-017
#MeKongNews
#NUG
#သယံဇာတ
#အတွင်းရေးမှူး
#ဦးအရိန္ဒာမာ









