မဲခေါင်၊ ဒီဇင်ဘာ ၂၈
ဒီကနေ့(ဒီဇင်ဘာ ၂၈)ကျရောက်တဲ့ အာခါတိုင်းရင်းသားတွေရဲ့ နှစ်(၅၀)ပြည့်ရွှေရတု အာခါအမျိုးသားနေ့ကို မှားယွင်းတဲ့အချက်အလက်ပါဝင်တဲ့ သဝဏ်လွှာကို စစ်ကောင်စီခေါင်းဆောင်က ပေးပို့ပါတယ်။
အာခါလူမျိုးတွေဟာ ခေတ်အဆက်ဆက်မှာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အာခါလူမျိုးတို့ နေထိုင်ရာ ရှမ်းပြည်အရှေ့ပိုင်းဒေသဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မြင့်မားနေတယ်လို့ ဆိုပါတယ်။
လက်တွေ့မြေပြင်မှာ အာခါလူမျိုးတွေရဲ့ နေထိုင်ရာဒေသဟာ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေအနက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဒေသအရေး စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ နိုင်ငံတာဝန်ကို ထမ်းဆောင်ချိန်ကစလို့ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုကာ ရည်မှန်းချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေချမှတ်ပြီး နိုင်ငံတဝန်းလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အဲ့ဒီသဝဏ်လွှာမှာ ပါရှိပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုတယ်လို့ပြောပေမယ့် လက်တွေ့မှာ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ ကျေးရွာမီးရှို့တာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။
နှစ် (၅၀) ပြည့် ရွှေရတု အာခါအမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာရှိတဲ့ ဇန်းမွန်းအာခါဟိုတယ်နဲ့ ကျိုင်းတုံမြို့ အားကစားရုံတို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
CJ-003
#MekongNews
#အာခါလူမျိုး
#နှစ်၅၀
#အမျိုးသားနေ့
#စစ်ခေါင်းဆောင်








