မဲခေါင်၊ ဒီဇင်ဘာ ၂၈
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ရာနယ်မြေတွေမှာ အမှုအခင်းကိစ္စတွေကို မြန်ဆန်စွာ ဖြေရှင်းစစ်ဆေးနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက်ရည်ရွယ်ပြီး အမှုစစ်ဆေးအရာရှိပုလိပ်တွေကို သင်တန်းပေးမွေးထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
အမှုစစ်ဆေး အရာရှိပလိပ်ဖြစ်ဖို့ သင်တန်းနှစ်လကျော်ပေးခဲ့ရာမှာ အခုအပတ်စဉ် (၂) သင်တန်း ဒီဇင်ဘာ ၂၆ ရက်က ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီသင်တန်းဆင်းကို သင်တန်းသား ၃၀ ကျော် တက်ရောက်ရာမှာ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသား ၂၅ ဦးသာ သင်တန်းပြီးမြောက်တဲ့အထိ တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
TNLA ထိန်းချုပ်ရာနယ်မြေတွေမှာ အမှုစစ်အရာရှိပုလိပ်တွေ နည်းပါးတာကြောင့် အမှုကြန့်ကြာတာနဲ့ သက်သေပျောက်ဆုံးတာတွေ များပြားတာကြောင့် အခုလို အမှုစစ်အရာရှိပုလိပ်တွေမွေးထုတ်ပြီး အမှုဖြစ်စဉ်တွေကို ကောင်းမွန်စွာတည်ဆောက်ကာ တရားစီရင်ရေးသို့ ပို့ဆောင်နိုင်ဖို့နဲ့ အမှုတစ်ခုလိုက်ရင် မှန်ကန်မှုရှိရှိ စစ်ဆေးနိုင်ဖို့ ရည်ရွယ်တယ်လို့ TNLA ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ် က အဲဒီသင်တန်းဆင်းအခမ်းအနားမှာ ပြောပါတယ်။
အမှုစစ်ဆေးအရာရှိပုလိပ်တွေအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို နားလည်သိရှိရမှာဖြစ်သလို သေမှုသေခင်းဖြစ်ပွားပါက အချက်အလက်မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးနိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းမှာ ကျွမ်းကျင်ဆရာတွေက ရာဇသတ်ကြီးဥပဒေ၊ ယာဉ်ထိန်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ရဲကျင့်၀တ်၊ သက်သေခံဥပဒေ၊ ရဲစခန်းမှတ် ပုံတင်တာနဲ့ ပုံစံရေးသွင်းတာ၊ အမှုစစ်လက်စွဲ၊ အများအပေါ်သုံးသပ်ဖော်ထုတ်မှု၊ နယ်ထိန်း၊ မှုခင်း ဆိုင်ရာဆေးပညာ အစရှိတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
CJ-017
#MekongNews
#TNLA
#ပုလိပ်သင်တန်း
#နယ်ထိန်း
#မှုခင်း
#အမှုစစ်








