ထိုင်ဝမ်လွှတ်တော်မှာ တရုတ်ထောက်ခံသူနဲ့ သီးခြားရပ်တည်ရေးမူ ကိုင်စွဲသူ အမတ်တွေကြား လုံးထွေး ရန်ဖြစ်ကြပြန်
မဲခေါင်၊ ဒီဇင်ဘာ ၂၀
တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဆက်တိုက်ခံနေရတဲ့ ထိုင်ဝမ်လွှတ်တော်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က အတိုက်အခံ ပါတီ အမတ်တွေ လုံးထွေးရန်ဖြစ်မှုနဲ့ ရေနဲ့ပက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ထိုင်ဝမ် လွှတ်တော်မှာ အတိုက်အခံပါတီတွေဖြစ်တဲ့ တရုတ်ယိမ်း ကူမင်တန်ပါတီနဲ့ ထိုင်ဝမ်ပြည်သူပါတီတို့ဟာ လက်ရှိ အာဏာရပါတီ အစိုးရအကြီးအကဲနဲ့ ကိုယ်စားလှယ်တွေကို အယုံအကြည်မရှိအဆိုနဲ့ ရာထူးက ဖယ်ရှားခွင့်ရှိစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သတ်မှတ်ဖို့ အဆို ၃ ခု တင်ပြထားရာမှာ အာဏာရသမ္မတ လိုင်ချင်းတီနဲ့ သူ့ပါတီ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) လွှတ်တော်အမတ်တွေက ပြည်သူမဲပေးရွေးချယ်မှုကို ပြန်လည် ပယ်ဖျက်တဲ့ ဒီမိုကရေစီနည်းလမ်းမကျအဆို၊ ဒီမိုကရေစီစနစ်ကို ပျက်စီးစေမယ့် အဆိုဆိုပြီး ကန့်ကွက်ရာက နှစ်ဖက်အငြင်းပွားပြီး ရေတွေနဲ့ ပက်လောင်း၊ လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
လိုင်ချင်းတီးဘက်တော်သား အမတ်တွေဟာ လွှတ်တော်ပင်မ စင်မြင့်ကို ဒီဇင်ဘာ ၁၉ ရက်ညကတည်းက လွှတ်တော်ထဲလာရောက်ပြီး ခုံတန်းတွေ၊ အကာအရန်တွေနဲ့ ပိတ်ဆို့ကာကွယ်ပြီး ဒီဇင်ဘာ ၂၀ ရက်မှာ အခြေအတင် စကားများခဲ့ကြတာဖြစ်ပါတယ်။
ကူတင်တန်ဘက်က အာဏာရပါတီရဲ့ အာဏာလက်ဝါးကြီးအုပ်မှုလို့ ဝေဖန်ကြပြီး DPP ပါတီဘက်က ဒီမိုကရေစီစနစ်ကို ဖျက်ဆီးတဲ့ဥပဒေကြမ်းတင်သွင်းမှုဟာ တရုတ်ကိုဖိတ်ခေါ်တာမျိုးသာဖြစ်ကြောင်းနဲ့ နိုင်ငံရဲ့ သီးခြားရပ်တည်ခြင်းကိုပါ ထိပါစေတယ်လို့ ငြင်းခုံရာက နှစ်ဖက်လွှတ်တော်အမတ်တွေ လုံးထွေးသတ်ပုတ်၊ ရေတွေနဲ့လောင်းတဲ့အထိ အရုပ်ဆိုးအကျည်းတန်တဲ့ ရန်ပွဲ ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။
ထိုင်ဝမ်လွှတ်တော်မှာ အခုမှ အမတ်တွေ ရန်ဖြစ်ကြတာမဟုတ်ဘဲ ၂၀၂၄ နှစ်ဆန်းပိုင်းတုန်းကလည်း လွှတ်တော် အတွင်းအာဏာလွန်ဆွဲရာက အမတ်တွေ လုံးထွေးရန်ဖြစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အခု လွှတ်တော်တွင်းမှာ ရန်ဖြစ်ကြသလို လွှတ်တော်ပြင်ပမှာလည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ သူတို့ရွေးချယ်ထားတဲ့ အမတ်တွေကို အလုပ်နဲ့ အံဝင်မှုမရှိဘူးဆိုပြီး ဖြုတ်မယ့် ကူမင်တန်ပါတီရဲ့ အဆိုပြုမှုအပေါ် မကျေမနပ် ဆန္ဒပြမှုလည်း ရှိနေခဲ့ ပါတယ်။
Ref: msn
MKF – 001
#MeKongNews









