မဲခေါင်၊ ဒီဇင်ဘာ ၉
ဆီးရီးယားနိုင်ငံကို ၂၄ နှစ်ကြာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ သမ္မတအာဆတ် မော်စကိုကို ထွက်ပြေးသွားပြီး အတိုက်အခံမဟာမိတ် အစ္စလာမ္မစ်တပ်တွေက နိုင်ငံကို သိမ်းပိုက်ပြီးနောက် အစ္စရေးသမ္မတ နက်တန်ယာဟုက ၁၉၇၄ ခုနှစ်က သဘောတူခဲ့တဲ့ ဆီးရီးယားနဲ့ ခွဲထွက်ရေး သဘောတူစာချုပ်ကနေ နုတ်ထွက်ပြီး ဆီးရီးယားနယ်စပ်ဒေသတစ်လျှောက် မြေပြင် စစ်ဆင်ရေးလုပ်ဖို့ တပ်ဖြန့် ပြင်ဆင်နေပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့အစည်းများစွာက ဆီးရီးယားမှာ နယ်မြေထိန်းချုပ်မှုနဲ့ အာဏာလွန်ဆွဲ မှုတွေ ထပ်မံဖြစ်လာနိုင်ခြေဟာ အစ္စရေးအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်လို့ တားဆီးရေး ဂိုလန်ကုန်းမြင့်နဲ့ နယ်စပ်တစ်လျှောက် စစ်တပ် လုံခြုံရေးတိုးမြှင့်ပြီး လိုအပ်ရင် မြေပြင်စစ်ဆင်ရေးပါ ချက်ချင်း ဆင်နိုင်အောင် ပြင်ဆင်တာဖြစ်ကြောင်း နက်တန်ယာဟုက ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။
ဒီမတိုင်ခင်ကတည်းက အစ္စရေးဟာ အမေရိကန်နဲ့အတူ ဆီးရီးယားထဲမှာ အခြေစိုက်ထားတဲ့ စစ်ရေး အဆောက်အအုံတွေ၊ လေယာဉ်ကွင်းတွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ကလက်စတာဗုံး၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး ဖြစ်ပါတယ်။
လက်ရှိ ဆီးရီးယား တော်လှန်ရေးခေါင်းဆောင်နဲ့လည်း အစ္စရေးနဲ့ ကြားပဋိပက္ခကို တိုက်ရိုက် ဆွေးနွေးခြင်းမရှိသေးဘဲ ဆီးရီးယားထဲ တိုက်ခိုက်နေရခြင်းဟာ ပြည်ပအရေး ဝင်ရောက်စွက်ဖက်လိုခြင်း မဟုတ်ဘဲ အစ္စရေးပြည်သူနဲ့ နယ်မြေကာကွယ်ရေးအတွက်သာ ဖြစ်တယ်လို့ နက်တန်ယာဟုက ထုတ်ပြန်ပါတယ်။
အမေရိကန်ဟာလည်း ဆီးရီးယားမှာ အာဆတ်ကျရှုံးသွားခြင်းနဲ့အတူ ISIS အပါ အစ္စလာမ္မစ်အစွန်းရောက်လက်နက်ကိုင်တွေ ပိုမို အင်အားကြီးထွားလာမှာ စိုးရိမ်တာကြောင့် ဆီးရီးယားထဲက ISIS အခြေစိုက်ပစ်မှတ်တွေကို ဒီရက်ထဲ ဖိုက်တာဂျက်လေယာဉ်တွေ၊ ဒုံးကျည်တွေ သုံးပြီး လေကြောင်းတိုက်ခိုက်မှု ၇၅ ကြိမ်အထက် ပစ်ခတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အာဆတ် အာဏာကျရှုံးသွားခြင်းဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ပိုမိုမရေရာမှုကို ဖြစ်ပွားစေပြီး ဆီးရီးယားကို ဗဟိုပြုလို့ ISIS တွေ အင်အားပြန်လည် ထူထောင် အကြမ်းဖက်လာမယ့် အရေး စိုးရိမ်ရတယ်လို့ သုံးသပ်ပြောဆို သွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#အစ္စရေး
#ဆီးရီးယား
#မြေပြင်ထိုးစစ်
#ကာကွယ်ရေး
#အမေရိကန်
#စိုးရိမ်
#အာဆတ်ကျဆုံး








