မဲခေါင်၊ ဒီဇင်ဘာ ၄
ဖင်လန်နိုင်ငံ အနောက်ဘက်ကမ်းခြေ ယူရာဂျိုကီအရပ်မှာရှိတဲ့ အနက် ၁၄၃၀ ပေ၊ အရှည် ၂.၈ မိုင် ရှည်လျှားတဲ့ မြေအောက်ဥမင်ကြီးကို ကမ္ဘာ့ပထမဆုံး နျူကလီးယားစွန့်ပစ်လောင်စာတွေ ထားရှိတော့မှာမို့ ၂၀၂၅ ခုနှစ်ကနေ စတင်ပြီး ဒီဥမင်ထဲ လူတွေ နှစ် ၁၀၀၀၀၀ ဝင်ရောက်ခွင့် ပိတ်ပင်တော့မှာဖြစ်ကြောင်း ဖင်လန်အစိုးရက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ဒီဥမင်အနီးမှာ အိုလ်ကီလူအိုတို နျူကလီးယားဓာတ်အားပေးစက်ရုံကြီး ရှိနေပြီး ထားသိုရခက်တဲ့ နျူကလီးယား စွန့်ပစ်လောင်စာတွေကို ဒီဥမင်ထဲ စွန့်ပစ်မှာဖြစ်လို့ ရေဒီယိုသတ္တိကြွမှုအလွန်ပြင်းထန်မယ့်အတွက် လူသားတွေ နှစ်ပေါင်း ၁၀၀၀၀၀ ကြာတဲ့အထိ ဝင်ရောက်ဖို့ အန္တရာယ်ကြီးလွန်းတာကြောင့် ကမ္ဘာ့ပထမဆုံး နျူကလီးယား လောင်စာသင်္ချိုင်းအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ နှစ်ကုန်လုနီးချိန် နောက်လူသားမျိုးဆက် ပေါင်း ၄၀၀၀ ဝန်းကျင် ဝင်ခွင့်ရှိတော့မှာမဟုတ်တဲ့ ဒီဥမင်ကြီးကို လူတချို့ နောက်ဆုံးခြေချ လည်ပတ်ခွင့်ပြုခဲ့ရာ မှာ ဘီဘီစီ သတင်းထောက် အီရီကာကန်ကီနဲ့ လူတချို့ သွားရောက်လေ့လာခွင့်ရခဲ့ပြီး နှစ် ၁၀၀၀၀၀ လူသားတွေ ခြေချလို့မရတော့တဲ့ ဥမင်ကြီးထဲ ဆင်းသက်ရတဲ့ ခံစားချက်က ထိတ်လန့်မှုကို ဖြစ်စေတယ်လို့ အီရီကာဘန်ကီ က ပြောကြားသွားပါတယ်။
ပေါင် သန်း ၈၆၀ အကုန်အကျခံတည်ဆောက်ခဲ့တဲ့ ဒီဥမင်ကြီးမှာ ကမ္ဘာ့ပထမဆုံး နျူကလီးယားစွန့်ပစ်လောင်စာ ထားသိုမှု အခြေအနေကို ယူကေ၊ အမေရိကန်၊ ပြင်သစ်၊ ကနေဒါ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစား စောင့်ကြည့်အကဲခတ်မှာဖြစ်ပြီး အောင်မြင်မှုအတိုင်းအတာအရ ဒီမော်ဒယ်ပုံစံကို အတုယူလုပ်ဆောင်ဖို့လည်း ရှိနေကြောင်း သိရှိရပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#နျူကလိယာ;
#ဝင်ခွင့်ပိတ်
#ဖင်လန်
#သင်္ချိုင်း
#ပိတ်ပင်








