မဲခေါင်၊ နိုဝင်ဘာ ၂၁
ယူကရိန်းလေတပ်ရဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ရုရှားဟာ စစ်ပွဲကာလ ၃၃ လအတွင်း ဗဟာဗျူဟာ စစ်ရေးလက်နက်ဖြစ်တဲ့ နျူကလီးယားတင်ဆောင်နိုင်စွမ်းရှိ တိုက်ချင်းပစ်ဒုံးကျည်ကို ယူကရိန်းနိုင်ငံထဲ ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်လာကြောင်း သိရှိရပါတယ်။
ဒီနီပရိုမြို့ပေါ် ကို ရုရှားဘက်က အသံထက်မြန်တဲ့ Kinzhal ဒုံးကျည် တစ်လုံး၊ Kh-101 ခရုဇ်ဒုံးကျည် ၇ လုံး အပြင် တိုက်ချင်းပစ်ဒုံး (ICBM) တစ်လုံးကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၆ လုံးကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ဖျက်ချနိုင်ခဲ့ပေမယ့် ကျန်ဒုံးကျည်တွေကြောင့် စီးပွားရေးဇုန် အဓိကကျတဲ့ လုပ်ငန်းခွင်နေရာတွေ၊ အရေးပါတဲ့ အဆောက်အအုံတချို့ ထိမှန်ပျက်စီး မီးလောင်ခဲ့ကာ ၂ ယောက် ဒဏ်ရာရတယ်လို့ မြို့တော်ဝန်က ထုတ်ပြန်သွားပါတယ်။
တိုက်ချင်းပစ် (ICBM) ဒုံးကျည်ဟာ ဘယ်လိုအမျိုးအစားလဲဆိုတာကိုတော့ ယူကရိန်းဘက်က မထုတ်ပြန်သေးပေမယ့် ရုရှားရဲ့ အက်စ်ထရာခန်းဒေသကနေ ဒီတိုက်ချင်းပစ် ဒုံးကျည်ဟာ နျူကလီးယားတင်ဆောင်နိုင်ပြီး နျူကလီးယားထိပ်ဖူးပါဝင်ခြင်းတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ရက် ၁၀၀၀ ပြည့်မှာ အမေရိကန်နဲ့ ဗြိတိန်အပါ ယူကရိန်း မဟာမိတ်တွေဟာ ရုရှားနိုင်ငံထဲ တာဝေးပစ်ဒုံးကျည်တွေ ပစ်ခတ်ခွင့်ပြုလိုက်ပြီးနောက် ယူကရိန်းဟာ အမေရိကန်ပေးထားတဲ့ ATACMS တာဝေးပစ်ဒုံးကျည်နဲ့ ဗြိတိန်ပေးထားတဲ့ Storm Shadow ခရုဇ်ဒုံးကျည် တွေကို အသုံးပြုပြီးရုရှားရဲ့ ကက်ရှ်ဒေသထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် ရုရှားဘက်က နျူကလီးယား လက်နက် အသုံးပြုရေး မူဝါဒသစ်ကို သမ္မတပူတင်က လက်မှတ်ရေးထိုးခွင့်ပြုပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတင်ဆောင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။
Ref: malaymail
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#ဒုံးကျည်
#တိုက်ချင်းပစ်
#နျူကလိယား
#ထိပ်ဖူး








