ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ဝင် စစ်ဆေးရေး တံတားဂိတ်တွင် စစ်ကောင်စီ တပ်သားများမှ ငွေညှစ် တောင်းခံမှုကြောင့် စပါးရောင်းချပြီး ပြန်လာသူ လယ်သမားများ အခက်ခဲကြုံတွေ့နေရသည်ဟု ဒေသခံလယ်သမားများထံမှ နိုဝင်ဘာလ ၁၅ရက်က သိရသည်။
ကျေးရွာလယ်သမားအများစု စပါးရောင်းချရန်အတွက် မြို့ဝင်စစ်ဆေးရေးတံတားဂိတ် ရောက်သည်နှင့် စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ငွေကြေးတောင်းခံနေတာကြောင့် လယ်သမားအများစုမှာ ထိန့်လန့်နေကြရကြောင်း ဒေသခံလယ်သမားတစ်ဦးက ပြောသည်။
“မြို့ကို ဒိန်းဒေါင်းနဲ့စပါးလာရောင်းတာ အပြန်လဲကျရော စစ်ဆေးရေးဂိတ်ရောက်တော့ အဲ့ကစစ်သားတွေရဲတွေက စပါးရောင်းရငွေ ဘယ်လောက်ရလဲမေးပြီး ပိုက်ဆံတောင်းတော့တာပေါ့ ။ ကြောက်တော့လဲ ပေးလိုက်ရတာပါပဲ”ဟု ၎င်းကပြောသည်။
စပါးရောင်းရငွေ ၅သိန်းရရှိလျှင် စစ်ကောင်စီတပ်သားများကို ၂သိန်းပေးရကာ မပေးလျှင် အတင်းတောင်းယူကြောင်း သူက ထပ်မံပြောဆိုသည်။
ဝါးခယ်မမြို့အနီးအနားရှိ တောင်သူလယ်သမားအများစုမှာ စစ်ကောင်စီမှ ယခုလိုအတင်းအကြပ် ငွေကြေးတောင်းခံမှုများကြောင့် အထိန့်တလန့်ဖြစ်နေရကြောင်း ဒေသခံအများစုက ဆိုသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသတစ်ခုလုံးမှ ရန်ပုံငွေအဖြစ် ငွေသိန်း ၄၅၀၀ကျော်ရှာဖွေရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။