~ လင်းမောင် ~
စပ်စပ်စုစုဖြစ်ရပ်ဆန်းတစ်ခု ပြီးခဲ့တဲ့လကပဲ ကမ္ဘာသိ သိခဲ့ကြရတယ်။ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ရှန်ဝိုင်း တိရစ္ဆာန်ရုံက ချစ်စရာ တိရစ္ဆာန်လေး ၂ ကောင်အကြောင်း TikTok မှာ စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး ပန်ဒါလေးတွေလို့ လူတွေ အထင်ရောက်စေခဲ့တယ်။ ဒါပေမဲ့ ဒါ တရုတ်တောင်ပိုင်းမှာ တွေ့ရလေ့ရှိတဲ့ မွှေးပွ ခွေးမျိုးနွယ်ဝင် ခွေးလေး ၂ ကောင်သာဖြစ်ပြီး ပန်ဒါလေးတွေလို အမွှေတွေကို ဆေးခြယ် လိမ်လည် ပြသထားခဲ့တာပဲ ဖြစ်ပါ တယ်။ ခွေးက ခွေးအမူအကျင့်နဲ့ နေရာက လာရောက်ကြည့်ရှုသူတွေ အလျှင်အမြန် အလိမ်ခံရမှန်းသိပြီး တိရစ္ဆာန်ရုံတာဝန်ရှိသူတွေကို ဝန်ချတောင်းပန်ခိုင်းတာတောင် ပထမ ပန်ဒါခွေးလေးတွေလို့ ပြောင်းလဲ အသုံးပြု တယ်။ မကျေနပ်မှုတွေ ပိုအုံကြွလာမှပဲ ဒေသဆိုင်ရာ အာဏာပိုင်တွေပါ ဝင်ပါပြီး တိရစ္ဆာန်ရုံကို တောင်းပန်ခိုင်း တော့ ဝန်ခံခဲ့ရပြီး ပန်ဒါမရှိလို့ လိမ်လည် ပြသထားကြောင်း ဝန်ခံသွားတယ်။ ဒါ တရုတ်မှာ ဒီတစ်ခါတည်းဖြစ်ခဲ့ တဲ့ ကိစ္စမဟုတ်ဘူး။ ပြီးခဲ့တဲ့ မေလကပဲ ကျန်းစုပြည်နယ် တိုင်ဇူး တိရစ္ဆာန်ရုံမှာလည်း အလားတူ လိမ်လည်မှုမျိုး ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်ကတော့ ပြည်တွင်းမှာပဲ လူသိခဲ့တာဖြစ်ပြီး ခွေးကို ပန်ဒါလို လိမ်လည်ပြသမှုမှာ တော့ တစ်ကမ္ဘာလုံး သိရှိ စိတ်ဝင်စားရတဲ့ အကြောင်းတရားဖြစ်လာခဲ့တာပါ။
ဆောင်းပါးရဲ့ အစက ကမျောက်ကချောက် ပုံတိုပတ်စဟာသဆန်ဆန် ဖြစ်ရပ်လေးနဲ့ အစပြုပေမယ့် ဒီလို ဖြစ်ရပ် တွေနဲ့ပတ်သက်ပြီး ကြောက်စရာကောင်းလောက်အောင် အန္တရာယ်များတဲ့ တရုတ်ရဲ့ လိမ်လည်မှုတွေဟာ ကမ္ဘာ လုံးဆိုင်ရာ အကျိုးစီးပွားကို ထိခိုက်နေစေတဲ့ ပြဿနာကြီးတစ်ရပ်ဖြစ်နေကြောင်းကို ဖော်ထုတ်ဖို့ ဖြစ်လာရပါ တယ်။ ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်ကဏ္ဍမှာ တရုတ်ဟာ ထိပ်ဆုံးပိုင်းက စိုးမိုးထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကမ္ဘာ့ ထိပ်တန်းထုတ်ကုန်တွေကို စျေးပြိုင်ပြီး ရောင်းနိုင်တဲ့အဆင့်အထိ ယှဉ်ပြိုင်ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ တီထွင်မှု နဲ့ ဖန်တီးမှုပိုင်းမှာတော့ ကုန်ပစ္စည်းအတုတွေ အများဆုံး ထုတ်လုပ်ဖြန့်ဖြူးရာ နိုင်ငံအဖြစ်လည်း နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။
ဒီ ထုတ်ကုန်အတုကဏ္ဍက ကမ္ဘာ့စီးပွားရေး စျေးကွက်ကြီး တစ်ခုလုံးနဲ့ပတ်သက်တဲ့ စားသုံးသူစျေးကွက်၊ စီးပွားရေးကဏ္ဍနဲ့ အစိုးရတွေအတွက် ဆိုးရွားစွာ အကျိုးသက်ရောက်နေစေပါတယ်။ တရုတ်ရဲ့ ထုတ်ကုန်အတုစကေးပိုင်းက ဘယ်လောက်ထိ ဆိုးရွားသလဲဆိုရင် သူတို့တစ်နိုင်ငံတည်းက ထွက်တဲ့ ကုန်ပစ္စည်းအတုအပတွေဟာ ကမ္ဘာ့ ကုန်ပစ္စည်းအတုအပ စျေးကွက်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထွက်ပေါ် လွှမ်းခြုံထားနိုင်ခြင်းပါပဲ။ ဘယ်လောက်ထိကျယ်ပြန့်သလဲဆို ကမ္ဘာကျော် တန်ဖိုးကြီး ထိပ်တန်း Brand လက် ကိုင်အိပ်တွေ၊ နာရီတွေ၊ နေ့စဉ်မရှိမဖြစ်သုံး ပစ္စည်းပေါင်းစုံ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးအစ စားသောက်ကုန်အဆုံး အတုလုပ်ဖြန့်ဖြူးတယ်။ ၂၀၂၀ ပြည့်နှစ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (OECD) ရဲ့ အစီရင်ခံစာမှာ တရုတ်ကိုယ်စားပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာ ကုန်ပစ္စည်းအတု ပါဝင်မှုက ၃ . ၃ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြပါရှိတယ်။ ရာခိုင်နှုန်းကသာ နည်းပေမယ့် ကမ္ဘာ့ကုန်သွယ်မှုကြီးတစ်ခုလုံးမှာ ဒီလောက်ပမာဏပါဝင်ခြင်းဟာ ငွေတန်ဖိုးအားဖြင့်ဆိုရင် ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရှိနေလို့ သိပ်ကြောက်စရာ ကောင်းတဲ့ အနေအထားလို့ တင်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ ကုန်ထုတ်လုပ်မှု အခြေခံအဆောက်အအုံကြီးဟာ အတုအပပြဿနာကို သိသိသာသာ ပြင်းထန်လာစေပြီး လိမ်လည်သူတွေကို အရည်အသွေးမြင့် တုပမှုတွေနဲ့ လွယ်ကူသက်သာစွာ ထုတ်လုပ်နိုင်စေခဲ့တာဖြစ်တယ်။
နိုင်ငံတော်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်ကိုက ဒီလို အတုလုပ်နိုင်အောင် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို ရည်ရွယ်ချက်ရှိရှိ သက်ညှာစွာ ကျင့်သုံးနိုင်စေဖို့ လမ်းဖွင့်ပေးထားခြင်းက ဒီတရားမ၀င်အတုအပ ပတ်ဝန်းကျင်ကြီးကို ဖန်တီးပေးထားတာဖြစ်ပါတယ်။ အတုအပပစ္စည်းတွေဟာ တရုတ်နိုင်ငံထဲ နေရာအနှံ့ ပျံ့နှံ့ရုံသာမက Alibaba နဲ့ Taobao လို အွန်လိုင်းစျေးကွက်တွေမှာပါ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။
ဒီလို အတုအပပစ္စည်းတွေထဲမှာ ကပ်ဘေးတစ်ခုလိုကို အန္တရာယ်အချက်ပေးခေါင်းလောင်းသံ အကျယ်လောင် ဆုံးထွက်ပေါ်စေတာက ဆေးဝါးတွေအပိုင်းပါ။ ဆေးဝါးအတုတွေမှာ မှားယွင်းတဲ့ ဆေးအညွှန်းတွေ၊ လူကို ဘေး ဥပါဒ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေကြောင့် စားသုံးသူပေါင်းများစွာကို ဆိုးရွားတဲ့ ကျန်းမာရေး၊ အသက်ဘေးကိုပါ ထိပါးစေပါတယ်။ ဝင်ငွေနိမ့်ပါး ဖွံ့ဖြိုးဆဲ နိုင်ငံများစွာမှာ ဒီလို ဆေးဝါးအတုတွေကို နိုင်ငံတော်ကပါ သေချာ မစစ်ဆေးနိုင်ဘဲ လူအများစုက ပုံမှန်အားဖြင့် ကိုယ့်စိတ်ကူးနဲ့ ကိုယ် သောက်သုံးကြတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဒီလို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အသုံးပြုကြတဲ့ ဆေးဝါးတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ အတုအပ ဆေးဝါးတွေသာဖြစ်နေပြီး ဒီပြဿနာကွင်းဆက်ကြီးမှာ တရုတ်က အရေးအပါဆုံးသော တရားခံစာရင်းမှာပါဝင် တယ်လို့ အားမနာတမ်း ထုတ်ပြန်သွားတယ်။ ကိုဗစ် – ၁၉ ကပ်ဆိုးကာလတုန်းကလည်း တရုတ်ကနေ ကာကွယ် ဆေးအတုတွေ အများကြီး ထွက်ခဲ့သေးတာပါပဲ။ ဒါတွေဟာ တရုတ်ရဲ့ ဆေးဝါး အတုတွေနဲ့ အန္တရာယ်အများဆုံး ပေးမှုတွေကို မီးမောင်းထိုးပြနိုင်ပါတယ်။
ဆေးဝါးပြီးရင် နည်းပညာပိုင်းမှာလည်း တရုတ်ထုတ် အတုအပပစ္စည်းတွေ အများကြီးထွက်ပေါ်နေခဲ့တာပါပဲ။ စမတ်ဖုန်း၊ လက်ပ်တော့၊ accessories အစုံလည်း အတုထွက်တာပါပဲ။ လုံခြုံမှုနဲ့ အရည်အသွေးစံနှုန်းလည်း မမီ တဲ့အပြင် ဉာဏဆိုင်ရာမူပိုင်ခွင့် ချိုးဖောက်ခိုးယူမှုပေါင်းများစွာလည်း မကြောက် မရှက် လုပ်တာပါပဲ။ ဇိမ်ခံ ကုန် စည်လောကထဲလည်း မလွတ်ပါဘူး။ Louis Vuitton၊ Gucci နဲ့ Rolex လို ကမ္ဘာကျော် Brand ကြီးတွေအထိပါ အတုတွေ လိုက်ထုတ်နေလို့ ဒီကုမ္ပဏီကြီးတွေဟာ သူတို့ Brands တွေရဲ့ ဂုဏ်သိက္ခာ၊ သုံးစွဲသူ ယုံကြည်မှု လျော့ ကျခြင်းတွေကို မနည်းပြန်အဖတ်ဆယ် ရှင်းလင်းရတဲ့အထိပါပဲ။ e-commerce လောကက အွန်လိုင်း ပလက် ဖောင်းတွေပေါ် ပစ္စည်းအတုတွေကို တရုတ်မှာ အတွင်ကျယ်ဆုံးရောင်းချနေပြီး ဒီ အတုအပပစ္စည်းတွေကို Alibaba၊ Amazon နဲ့ eBay တွေပေါ်အထိ တက်ရောင်းနေကြခြင်းကလည်း ဝင်ငွေအရာမှာ ထူးထူးကဲကဲ ရရှိ နေပြန်လို့ ဖြေရှင်းနိုင်ရေးကလည်း ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေရပြန်တယ်။ ဥရောပသမဂ္ဂ (EU) မှာလည်း အထည်၊ အလှကုန်နဲ့ အရုပ်ကဏ္ဍတွေမှာ ရှိတဲ့ကုန်ပစ္စည်းအတုတွေကြောင့် အဓိကအားဖြင့် အလုပ်အကိုင်ပေါင်း ၂၀၀၀၀၀ နီးပါး တိုက်စားခံရပြီး နှစ်စဉ် ယူရို ၁၆ ဘီလီယံ ဆုံးရှုံးနေရပါတယ်။ ဒီစိုးရိမ်ဖွယ်ရာ စစ်တမ်းကို ဥရောပသမဂ္ဂ ဉာဏပစ္စည်းမူပိုင်ခွင့်ရုံး (EUIPO) ရဲ့ မကြာသေးမီက အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး အတုအပပစ္စည်း အများစုက တရုတ်နိုင်ငံ ထုတ်ကုန်တွေသာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ကမ္ဘာချီအကျပ်အတည်းရဲ့ အဓိကအချက်ကတော့ စည်းမျဉ်းချို့ယွင်းချက်တွေနဲ့ တရုတ်ဒေသန္တရအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် အတုအပကုန်သွယ်မှုကို တိုက်ရိုက်လွယ်ကူချောမွေ့သွားစေတာပါ။ တစ်နည်းအားဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ သွယ်ဝိုက် ခွင့်ပြုထားမှုကြောင့်လို့ စွပ်စွဲထားကြပါပြီ။ အတုအပကို တိုက်ဖျက်ဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်ဘက်က တရားဝင်ပြောဆိုထားပေမယ့် CCP ဟာ စီးပွားရေးနဲ့ နိုင်ငံရေးအမြတ်အစွန်းအတွက် မကြာခဏဆိုသလို အဆိုပါတရားမဝင်လှုပ်ရှားမှုတွေကို မျက်ကွယ်ပြုထားတယ်လို့လည်း ကမ္ဘာချီ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရှိ တချို့သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOE) တွေကပါ အတုအယောင်ထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ အခိုင်အမာစွပ်စွဲထားကြပါတယ်။
တရုတ်နိုင်ငံမှာ အတုအပပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ အွန်လိုင်းစျေးကွက်ကလည်း အမြတ်အစွန်း အများအပြားရတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးဖြစ်နေတော့ နိုင်ငံရဲ့ စီးပွားရေး ချဲ့တွင်မှုမှာပါ အရမ်းအထောက် အပံ့ဖြစ်စေလို့ အာဏာပိုင်တွေဟာ ကုန်ပစ္စည်းအတုအပ ပြဿနာတွေကို ဖြေရှင်းရေးမှာ ဘာမှအရေးမယူဘဲ ဆိုင်းငံ့မှုတွေပဲ လုပ်ကြတယ်။ ၂၀၂၃ ခုနှစ်က ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် မီးမောင်းထိုးပြလိုက်တာက Alibaba ရဲ့ Taobao အွန်လိုင်းပလပ်ဖောင်းပေါ်မှာ ဇိမ်ခံပစ္စည်းအတုအပတွေကို ရောင်းချမှုကနေ အရှုပ်အထွေး ကြီးပေါ်ပေါက်လာခြင်းပါ။ Alibaba ဘက်က ထပ်ခါတလဲလဲ ဒီလိုမဖြစ်စေရဘူးလို့ အာမခံထားပေမယ့် လိုက်နာ မှုမရှိဘဲ EUIPO ရဲ့ တွေ့ရှိမှုအရ Taobao ပလပ်ဖောင်းပေါ်မှာ ထုတ်ကုန်အတုရောင်းချမှုတွေဟာ ဆက်လည် တည်ရှိနေမြဲအတိုင်းတည်ရှိနေတယ်လို့ သိရှိခဲ့ရပါတယ်။ ဒါကြောင့် ဒီပလက်ဖောင်းတွေပေါ် ကုန်ပစ္စည်း ရောင်း ချသူပေါင်းများစွာဟာ ဒီလို အတုအပတွေကို နှစ်ရှည်လများ ထုတ်လုပ်ပေးနေတဲ့ ဂွမ်ဒေါင်း၊ ဇီဂျီယန်း အစရှိတဲ့ ဒေသက အတုလုပ် စက်ရုံငယ်တွေဆီ တိုက်ရိုက်သွားပြီး ပစ္စည်းကောက်မှုတွေ လုပ်လာကြတယ်။ ဒီပြည်နယ် တွေက ဒေသဆိုင်ရာအာဏာပိုင်တွေဟာ တရုတ်ကွန်မြူနစ်ပါတီ ဟန်ပြ စိုးရိမ်ကြောင်း ထုတ်ပြန်ချက်နဲ့ အရေး ယူပေးရေးကို ဖာသိဖာသာနေကြပြီး အရေးယူမှုတွေမလုပ်ဘဲ သူတို့ဆီ ချဉ်းကပ် ဆက်ကပ်မှုတွေကိုသာ လာဘ် စားပြီး မှိန်းနေခဲ့ကြတာက ကြီးမားတဲ့ သာဓကပါ။
မကြာသေးမီနှစ်တွေအတွင်း တရုတ်အစိုးရအပေါ် ပျံ့နှံ့နေတဲ့ အတုအပလုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာက ဖိအားတိုးမြှင့် တောင်းဆိုလာတယ်။ ဒါကို တုံ့ပြန်မှုအဖြစ် ကုန်သွယ်မှုအမှတ်တံဆိပ်ချိုးဖောက်မှုအတွက် ပြစ်ဒဏ်တွေတိုးမြှင့်ပေးတဲ့ ကုန်သွယ်မှုအမှတ်တံဆိပ်ဥပဒေ ကို ၂၀၁၉ ခုနှစ်မှာ ပြန်လည်ပြင်ဆင်မှုအပါအဝင် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ပြခဲ့ပါတယ်။ ဒီအစီအမံတွေဟာလည်း မလုံလောက်ကြောင်း သက်သေပြပါတယ်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေထဲအကျင့်ပျက်ခြစားမှုတွေက အတုအပ တိုက်ဖျက်ရာမှာ မကြာခဏဆိုသလို ပျက်ပြယ်ပြီး စည်းကမ်းထိန်းသိမ်းရေး ကြိုးပမ်းမှုတွေဟာ ပိုမိုရှုပ်ထွေးစေပြီး ကုန်ပစ္စည်းအတုတွေဟာ ကမ္ဘာ့ဈေးကွက်ကို ဆက်လက်ပြည့်နှက်စေတုန်းပါပဲ။
တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းအတုလုပ်ငန်း အကျိုးသက်ရောက်မှုက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို သိသိသာသာ သက်ရောက်မှုရှိပြီး အိန္ဒိယကို အထူးထိခိုက်စေတယ်။ တရုတ် ထုတ်ကုန်အတုတွေ မြင့်တက်လာတာနဲ့အမျှ အိန္ဒိယရဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေကို ထိခိုက်စေရုံသာမက စားသုံးသူများအတွက်ပါ ဆိုးရွားတဲ့ အန္တရာယ်တွေ ဖြစ်တည်စေခဲ့တယ်။ အီလက်ထရွန်းနစ်နဲ့ ဆေးဝါးကအစ ဇိမ်ခံပစ္စည်းနဲ့ နေ့စဉ်သုံးပစ္စည်းတွေအထိ အိန္ဒိယဈေးကွက်ကြီးဟာ တရုတ်ထုတ်ကုန်အတုတွေကြားမှာသာ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ရပါတယ်။
အိန္ဒိယအစိုးရဘက်က တိုက်ဖျက်ဖို့ ကြိုးပမ်းအားထုတ်မှုတွေလုပ်၊ ဥပဒေစိုးမိုးရေး ကြိုးပမ်းပေမယ့် တရုတ် ထုတ်ကုန်အတုတွေရဲ့ ကျယ်ပြန့်တဲ့သဘာ၀နဲ့ ဖြန့်ဖြူးဖို့ ကောင်းမွန်စွာတည်ဆောက်ထားတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကြောင့် တရားမဝင်ကုန်သွယ်မှုတွေဟာ ဆက်လက်တည်ရှိနေဆဲပါပဲ။ တချို့သော ကဏ္ဍတွေမှာ အဂတိလိုက်စားမှုတွေဟာ ပြဿနာကို ပိုဆိုးရွားစေပြီး ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်အရေးယူဖို့ အထူးလိုအပ်နေပါပြီ။ အထောက်အထားပြဖြေရှင်းပေးသူများအသင်း (ASPA) ရဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံရှိ အတုအပလုပ်ငန်းတွေဟာ တစ်နှစ်မှာ ၁၅ ရာခိုင်နှုန်းအထိ ထိတ်လန့်ဖွယ်နှုန်းနဲ့ ကြီးထွားလာနေပြီး နိုင်ငံအတွင်း ထုတ်ကုန်အတုတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဟာ တရုတ်က လာတာဖြစ်ကြောင်း အလေးပေး ဖော်ပြခဲ့ပါတယ်။ ဒီလို တရုတ်ကုန်ပစ္စည်းအတုတွေဟာ တရားဝင်ထုတ်ကုန်ရောင်းချမှုကို ထိခိုက်စေရုံသာမက အိန္ဒိယစားသုံးသူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။
ကုန်ပစ္စည်းအတုတွေကို သိသာထင်ရှားစွာ နှိမ်နင်းမှုတွေထဲ မွမ်ဘိုင်းဒေသအာဏာပိုင်တွေဟာ တရုတ်နိုင်ငံကနေ မှောင်ခိုတင်သွင်းလာတဲ့ ဆေးဝါးအတုအများအပြား တင်ပို့မှုကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ၂၀၂၂ ခုနှစ်မှာ နိုင်ငံပိုင် ခေါင်းကြီးသတင်းစာ သတင်းအဖြစ် ထုတ်ပြန်ခဲ့တယ်။ ဒီတရုတ်ကုန်ပစ္စည်းတုမှောင်ခိုတင်သွင်းမှုမှာ အန္တရာယ်ရှိတဲ့ ပဋိဇီဝဆေးတွေနဲ့ အကိုက်အခဲ သက်သာဆေးဝါးများစွာ ပါဝင်နေသလို ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ဆိုတယ်။ ၂၀၂၃ ခုနှစ်မှာ နောက်ထပ် ကြီးမားတဲ့ တိုက်ဖျက်မှုအဖြစ် နယူးဒေလီရဲတပ်ဖွဲ့က စည်ကားတဲ့ Karol Bagh စျေးကွက်ထဲက များပြားလှစွာသော အီလက်ထရွန်နစ်ပစ္စည်းအတုထုတ်လုပ်မှုတွေကို ဖျက်သိမ်းခဲ့တယ်။ Xiaomi နဲ့ Samsung လိုနာမည်ကြီးအမှတ်တံဆိပ်တွေကပ်ထားတဲ့ စမတ်ဖုန်းတွေနဲ့ ဆက်စပ်ပစ္စည်း ရူပီ ၂ ကုဋေတန်ဖိုးရှိ ကုန်ပစ္စည်းတုတွေဟာ တရုတ်နိုင်ငံကနေ တရားမဝင်လမ်းကြောင်းတွေက တင်သွင်းပြီး ရောင်းချနေခဲ့တယ်လို့ ထုတ်ပြန်တယ်။ ဒါ့အပြင် အိန္ဒိယမော်တော်ယာဥ်ထုတ်လုပ်သူများအသင်း (SIAM) က ၂၀၂၃ ခုနှစ်ထဲ အိန္ဒိယနိုင်ငံမှာ မော်တော်ယာဥ်ဆက်စပ် ပစ္စည်းအတုတွေ တော်တော် ပြန့်ပွားလာနေကြောင်း သတင်း ထုတ်ပြန်ခဲ့တယ်။ မကြာသေးခင်ကပဲ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နိုင်ငံအတွင်း ရောင်းချတဲ့ ယာဉ်အပိုပစ္စည်းတွေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးက တရုတ်ကလာတဲ့ အတုတွေလို့ သိရှိခဲ့ရပါတယ်။
တရုတ်ကလာတဲ့ ကုန်ပစ္စည်းအတုတွေဟာ အိန္ဒိယဈေးကွက်အတွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူဘေးကင်းရေးကို ကြီးမားစွာ ခြိမ်းခြောက်နေပါတော့တယ်။ ဒီပြဿနာကို တိုက်ဖျက်ဖို့ အိန္ဒိယအစိုးရနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ဆက်လက်ကြိုးစားလုပ်ဆောင်နေပေမယ့် အတုဖြစ်လို့တန်ဖိုးနည်း၊ အလွယ်တကူလည်း လက်လှမ်းမီနိုင်တဲ့ကုန်ပစ္စည်းတွေဖြစ်နေလို့ ဝယ်လိုအားကတော့ ဆက်လက်မြင့်တက်နေ ဆဲပါ။ အိန္ဒိယဟာ ဒီတရုတ်ထုတ် ထုတ်ကုန်အတုကုန်သွယ်မှုပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ စည်းမျဉ်းစည်းကမ်းတွေကို လက်ရှိထက် မြှင့်တင်၊ တင်းကျပ်ရမှာဖြစ်ပေမယ့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါ နိုင်ငံတွေက လတ်တလော နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အခြေအနေက ပိုဆိုးသထက် ဆိုးလာတာပဲ အဖတ်တင်နေပါတယ်။မှောင်ခိုကုန်သွယ်မှုမှာ အိမ်နီးချင်း မတည်ငြိမ်မှုတွေက နယ်နိမိတ်ထိန်းချုပ်နိုင်စွမ်းကို ပိုပြီး အခက်တွေ့စေပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်တွင်မှာ တရုတ်ရဲ့စီးပွားရေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေတော့ အခြေအနေတွေက ပိုပြီး စိုးရိမ်ဖွယ်ရာ ဆိုးရွားလာစေပြန်တယ်။ အတုအပ ထုတ်ကုန်တွေနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေအကြောင်း စားသုံးသူတွေကို ပိုပြီး အရှိန်အဟုန်နဲ့ အသိပညာပေးနိုင်ဖို့ကလည်း အရေးကြီးလှပါတယ်။ တင်းကျပ်တဲ့ အစိုးရရဲ့ စနစ်တကျလုပ်ဆောင်ချက်၊ စက်မှုလုပ်ငန်း သက်ဆိုင်သူများနဲ့ ပူးပေါင်းဆောင်ရွက်ချက်၊ ပြည်သူ့ပညာပေးချက်တွေ ပါဝင်တဲ့ဘက်ပေါင်းစုံ ချဉ်းကပ်နိုင်မှသာလျှင် အိန္ဒိယဆီ တရုတ်ကုန်ပစ္စည်း အတုတွေ တင်သွင်းတာ လျော့ပါးလာစေနိုင်မှာာ ဖြစ်ပါကြောင်း . . .။
#MeKongNews







