မဲခေါင်၊ အောက်တိုဘာ ၂၉
အောက်တိုဘာ ၂၇ ရက်နေ့က ရုရှားအစိုးရ ဝါဒဖြန့်ရုပ်သံနဲ့ အင်တာဗျူးရာမှာ ရုရှားသမ္မတ အာဏာရှင် ပူတင်က ယူကရိန်းအနေနဲ့ ရုရှားမြေထဲ တာဝေးပစ်ဒုံးကျည်တွေနဲ့တိုက်ခိုက်လာရင် အနောက်မဟာမိတ်တွေ ပေးထားတဲ့ လက်နက်ဖြစ်လို့ နေတိုးဘက်က စစ်ကြေညာမှုလို့ မှတ်ယူပြီး အေးစက်တင်းမာတဲ့ တန်ပြန်တိုက်ခိုက်မှုတွေလုပ်သွားဖို့ ဆုံးဖြတ်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြေညာပြောဆိုသွားပါတယ်။
လက်ရှိမှာ အမေရိကန်ရဲ့ အစွမ်းထက် ATACMS တာဝေးပစ်ဒုံးကျည်အပြင် ဗြိတိန်၊ ပြင်သစ်နဲ့ တခြားသော ဥရောပမဟာမိတ်တွေကနေ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးပို့ထားပြီးဖြစ်ပေမယ့် အင်အားကြီးနိုင်ငံကြီးတွေက စစ်ရေးပိုကျယ်ပြန့်မှာစိုးရိမ်လို့ ရုရှားနိုင်ငံထဲ ပစ်မိန့်ကို အတိအလင်း ခွင့်ပြုမပေးသေး ပါဘူး။
လက်ရှိမှာ ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲက ကက်ရှ်ဒေသကိုပါ သိမ်းပိုက်ထားပြီး မော်စကိုအထိ ဒရုန်းတွေနဲ့သာ ပစ်ခတ်တိုက်ခိုက်နေသေးချိန် ပူတင်ရဲ့ စစ်ရေး အရေးပါတဲ့ လောင်စာသိုလှောင်ရုံတွေ၊ လက်နက်တိုက်တွေ ပေါက်ကွဲပျက်စီးမှု များပြားနေခဲ့ပြီဖြစ်ပါတယ်။
ပူတင်ဟာ အရင်ကလည်း ဒီပုံစံအတိုင်း သူ့နိုင်ငံထဲ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်လာရင် တုံ့ပြန်တိုက်ခိုက် မယ်လို့ ပြောခဲ့သေးပေမယ့် ဒီတစ်ချိန်မှာတော့ သူ့တပ်မှုတွေကို အမိန့်ပေးမှာကြားထားပြီးဖြစ်လို့ တိုက်ခိုက်လာရင် ပြင်းထန်ပြီး အေးစက်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေဟာ နေတိုးအဖွဲ့ဆီကိုပါ သက်ရောက်စေမယ့်သဘောမျိုး တိုးမြှင့် ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
“ ယူကရိန်းရဲ့ မဟာမိတ်အနောက်နိုင်ငံကြီးတွေက သူတို့လက်နက်တွေနဲ့ ရုရှားမြေထဲ တိုက်ခိုက်လာရင် ပြန်တိုက်ခိုက်မယ်ပြောထားတာနဲ့ပတ်သက်လို့ ဘာမှ ကျွန်တော့်ဘက်ကို မတုံ့ပြန် ထားကြဘူး။ ကျွန်တော့် စစ်တပ်ရဲ့ ဌာနအသီးသီးကလည်း ဒီလို တိုက်ခိုက်လာရင် အမျိုးမျိုးသော တုံ့ပြန်မှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပြီးသားပါ။ ကိုယ်ပိုင်ဆုံးကဖြတ်ချက်တွေကို မဖြစ်မနေချရမှာပါပဲ။ ဒီအကြောင်း သူတို့လည်း ကြားသိထားကြမှာပါ” လို့ ပူတင်က ခြိမ်းခြောက်စကားပြောသွားတာဖြစ်ပါတယ်။
Ref:Thesun
MKF-001










