မဲခေါင်၊ အောက်တိုဘာ ၁၅
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မဟာမိတ် အစ္စရေးနိုင်ငံ လေကြောင်းရန်ကာကွယ်ရေး ပိုမို အားကောင်း လုံခြုံစေဖို့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းစနစ်အပြင် အမေရိကန် စစ်သည်တွေကိုပါ အစ္စရေး နိုင်ငံဆီ စေလွတ်ပြီလို့ အောက်တိုဘာ ၁၃ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က အီရန်ဟာ အစ္စရေးကို ဒုံးကျည် ၁၈၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို အောက်တို ဘာ ၁၃ ရက်နေ့မှာလည်း ဟားမက်စ်ဘက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့လယ် စစ်အခြေစိုက်စခန်းကို ဒုံးကျည် ၂ လုံးနဲ့ ပစ်ခတ်ရာမှာ ၄ ဦးသေ အယောက် ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဟားမက်စ်ခေါင်းဆောင်၊ ဟစ်ဇ်ဘိုလာခေါင်းဆောင်၊ အီရန်တော်လှန်ရေးအစောင့်တပ်ဗိုလ်ချုပ်တွေကို အစ္စရေးဘက်က လုပ်ကြံရှင်းလင်းပြီးနောက် အီရန်နဲ့ အီရန် ထောက်ပံ့ လက်နက်ကိုင်အဖွဲ့တွေက အစ္စရေးကို ဘုံရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်မှာဖြစ်လို့ အစ္စရေးကို ကာကွယ်နိုင်ရေး စစ်သည်နဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းစနစ်သစ်ဖြစ်တဲ့ အလွှာလိုက် ဒုံးကျည်ဒဏ် ကာကွယ်ပေးနိုင်တဲ့ The Terminal High Altitude Area Defense system ကိုပါ အစ္စရေးဆီ ပို့ဆောင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသွားပါတယ်။
ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ထရစ်ရိုက်ဒါက အစ္စရေးအနေနဲ့ အီရန်ရဲ့ နျူကလီးယားရင်းမြစ် နေရာတွေကို ပြန်လည်တိုက်ခိုက်မယ့်အရေး စိုးရိမ်တကြီး ကန့်ကွက်ထားသလို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နိုင်ရေးနဲ့ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်နိုင်ရေးအတွက် အခုလို စစ်သည်တွေနဲ့ ဒုံးခွင်းစနစ်သစ်ကို အစ္စရေး ဆီ ပို့ဆောင်ပေးတာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
အမေရိကန်ဟာ အစ္စရေးနိုင်ငံထဲကို သူတို့တပ်ဖွဲ့တွေ စေလွှတ်ခြင်း၊ အဆင့်မြင့်လက်နက်တွေ ပေးပို့ခြင်းတွေကို လုပ်ခဲလှပေမယ့် ရေတပ်မကြီးတစ်ခုလုံး အရှေ့အလယ်ပိုင်းဒေသဆီ စေလွှတ်ပေးထားပြီး အစ္စရေးကို ပစ်လာ တဲ့ ဒုံးကျည်တွေကိုတော့ ကြားဖျက် ပစ်ချပေးနေခဲ့တာ ကြာပြီဖြစ်ပါတယ်။
Ref: newarab
MKF-001








