မဲခေါင်၊ အောက်တိုဘာ ၁၀
စီမံခန့်ခွဲမှုအလွဲတွေက အစ္စရေးနဲ့ အီရန်တို့ရဲ့ အရှေ့အလယ်ပိုင်း အလုံးစုံစစ်ပွဲဖြစ်ပွားဖို့ လက်တစ်လုံးခြားသာ အနေအထားကို ရောက်ရှိလာစေကြောင်း CIA အကြီးအကဲ ဝီလျံဘန်းက ထုတ်ဖော်ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေသတွင်း စစ်ရေးတင်းမာမှုတွေ မြင့်တက်သထက် မြင့်တက်လာနေပြီး အစ္စရေးတပ်တွေဟာ လက်ဘနွန်အတွင်းက အီရန်ထောက်ပံ့ ဟစ်ဇ်ဘိုလာတပ်ကို မြေပြင်ထိုးစစ်ဆင်နွှဲပြီး ချေမှုန်းဖို့ တပ်အင်အားတွေ ထပ်တိုးစေလွှတ်နေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က အီရန်ဟာ အစ္စရေးနိုင်ငံထဲကို ဒုံးကျည် အလုံး ၁၈၀ ကျော်နဲ့ ပစ်ခတ်ခဲ့မှုဟာ မဟာအမှား ကျူးလွန်လိုက်တာလို့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဝေဖန်ပြောကြားခဲ့ပြီး အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းမှာလည်း အစ္စရေးဘက်က အီရန်ရဲ့ ရေနံအဓိကထွက်ရှိ ထုတ်လုပ်ရာ ရင်းမြစ်နေရာတွေအားလုံးနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို လက်စားချေတိုက်ခိုက်ဖို့ အကွက်ချ စီမံနေပြီလို့ သိရှိရတဲ့အတွက် အလွန်စိုးရိမ်စရာ အခြေအနေ ရောက်နေကြောင်း ဝီလျံဘန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဝီလျံဘန်းက ” အရှေ့အလယ်ပိုင်းဒေသဟာ အမြဲတမ်းနားလည်ရခက်တဲ့ ပဋိပက္ခတွေ ဖြစ်နေကြပါ။ အီရန်ရော အစ္စရေးပါ တကယ်တမ်း အလုံးစုံ အင်အားသုံးရမယ့် စစ်ပွဲကို မလိုလားပါဘူး။ ဒါပေမဲ့ မှားယွင်းစီမံတွက်ချက်မှုတွေကြောင့် ဒီစစ်ပွဲကြီးဖြစ်ဖို့က လက်တစ်လုံးခြားအနေအထား ရောက်နေရလို့ ဒေသတွင်း အန္တရာယ်အကြီးဆုံး အနေအထားရောက်ရှိနေပါပြီ “ လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
Ref:Thesun
MKF-001











