မဲခေါင်၊ အောက်တိုဘာ ၉
ရုရှားသမ္မတပူတင် သိပ်ချစ်မြတ်နိုးတဲ့ နေထိုင်ရာနန်းတော်ရာတွေထဲက တစ်ခုဖြစ်တဲ့ ပင်လယ်နက်ကမ်းခြေ ဆိုချီမြို့က Bocharov Ruchey နန်းတော်ကြီးကို မကြာသေးခင်ကပဲ ဘူဒိုဇာတွေနဲ့ မြေလှန်ထိုး ရှင်းလင်းခဲ့ပြီး ဒီမြေကွက်လပ်ကို ကောင်းကင်ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေမှာ အတိုင်းသား မြင်တွေ့ရပါတယ်။
အမေရိကန်နဲ့အနောက်မဟာမိတ်တွေက ရုရှားနိုင်ငံထဲထဲ သူတို့ပေးတဲ့ တာဝေးပစ်ဒုံးကျည်တွေ ပစ်ဖို့ ခွင့်ပြုလိုက်သလို ယူကရိန်းရဲ့ ဒရုန်းတွေဟာလည်း ရုရှားနိုင်ငံအတွင်းပိုင်း မော်စကိုမြို့ထိပါ ရောက်ရှိတိုက်ခိုက်လာ နိုင်တာကြောင့် ပူတင်ဟာ ဒီရန်ကိုကြောက်ပြီး သူချစ်တဲ့ နန်းတော်ကို ဖျက်ဆီးလိုက်တာဖြစ်ကြောင်း သိရှိရပါတယ်။
၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက ယူကရိန်းဒရုန်းတွေ ဆိုချီမြို့နေရာအနှံ့အပြားကို ရောက်ရှိတိုက်ခိုက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်း ဆိုချီနဲ့ နီးတဲ့ ကရက်စ်နိုဒါဒေသမှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှားအထိနာပြီး နောက် ပူတင်ဟာ ဒီနှစ် ဖေဖော်ဝါရီလနဲ့ မတ်လကြား သူ့ရဲ့ စလာလင်ဒီဇိုင်း Bocharov Ruchey နန်းတော်ကြီး ကို ယူကရိန်းတိုက်ခိုက်တာမခံရခင် ဖြိုလဲ ဖျောက်ဖျက်လိုက်တာဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။
၂၀၂၃ နိုဝင်ဘာလတုန်းကလည်း စတုရန်းပေ ၁၉၀၀၀၀ ကျယ်ဝန်းတဲ့ ပူတင်ရဲ့ နန်းတော်ရာနဲ့မဝေးတဲ့ နေရာက ရေနံသိုလှောင်ဆိပ်ကမ်းကို ယူကရိန်းဒရုန်းတွေ တိုက်ခိုက်ဖောက်ခွဲနိုင်ခဲ့ပါသေးတယ်။
ဒီနန်းတော်ရာထဲမှာ သစ်တော ဧက ၁၇၀၀၀ ပါဝင်သလို အနီးအနားကောင်းကင်ပေါ် မပျံသန်းရဇုန်အဖြစ် သတ်မှတ်ထားသေးပြီး နန်းတော် အတွင်း အဆင့်မြင့်လုံခြုံရေးစနစ်၊ မြေအောက်ဘန်ကာတွေ၊ ဝိုင်သိုလှောင်ခန်း၊ ကာစီနိုခန်းမ၊ ရေခဲပြင်စကိတ် ကွင်း၊ အနုမြူဒဏ်ပါ ခံနိုင်စေတဲ့ မြေအောက် လျှို့ဝှက်လုံခြုံရေးအဆောက်အအုံတွေပါ ထည့်သွင်း ဆောက်လုပ် ထားတာဖြစ်ပါတယ်။ အခု နန်းတော်တစ်ခု ဖျက်ဆီးလိုက်ပေမယ့် ပူတင်မှာ မော်စကိုပြင်ပက တခြား ဇိမ်ခံ နန်းတော် ၅ ခုထက်မနည်း ရှိသေးကြောင်းလည်း သိရှိရပါတယ်။
MKF – 001
Ref:Thesun











