မဲခေါင်၊ အောက်တိုဘာ ၃
အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးနိုင်ငံကို အီရန်က ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်လာမှုအပေါ် အစ္စရေးဘက်က လက်စားချေတုံ့ပြန်ဖို့စီစဉ်နေရာမှာ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ထားသိုရာ နေရာတွေနဲ့ ရေနံထုတ်လုပ်ထားသိုရာနေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အီရန်ရဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ပြီး ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်သွားဖို့ G7 အစည်းအဝေး ခေါ်ယူမှုပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို အစ္စရေးရဲ့ လက်စားချေရေး သတင်းအပေါ် ဖုန်းဆက်မေးမြန်းရာမှာ အချိုးကျတဲ့ တုံ့ပြန်မှုကို လက်ခံနိုင်ပေမယ့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး အလုံးစုံ စစ်ပွဲဖြစ်စေနိုင်တဲ့ အီရန်ရဲ့ နျူကလီးယားပစ်မှတ်တွေကို တိုက်ခိုက်မယ်ဆိုရင်တော့ ဆန့်ကျင်ပြီးသဘောမတူ ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
G7 အစည်းအဝေးမှာ အားလုံးဟာ အီရန်အပေါ် အစ္စရေးရဲ့ လက်တုံ့ပြန်လာမှုအတွက် သဘောတူနိုင်ပေမယ့် အချိုးအစားကျတဲ့ တုံ့ပြန်မှုမျိုးကိုသာ လက်ခံတာဖြစ်ပြီး နျူကလီးယားပစ်မှတ်တွေကို တိုက်ခိုက်တာမျိုးကိုတော့ သဘောမတူတာဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။
အစ္စရေးတာဝန်ရှိသူတွေဘက်ကတော့ သူတို့ အပေါ် အန္တရာယ်ပြုနေနိုင်တဲ့ အီရန်ရဲ့ မဟာဗျူဟာကျတဲ့ အခြေခံအဆောက်အအုံတွေ၊ သဘာ၀ဓာတ်ငွေ့နဲ့ ရေနံသိုက်တွေ၊ နျူကလီးယားအခြေခံစက်ရုံတွေကို တိုက်ခိုက်ခြင်းနဲ့ တားဆီးနိုင်ဖို့ စီစဉ်ရမယ်လို့ ပြောသွား ခဲ့ပါတယ်။
Ref:Reuter
MKF-001








