မဲခေါင်၊ စက်တင်ဘာ ၂၈ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ(PNO)ရဲ့ အထူးဒေသ ၆ မြင့်မိုရ်တိုင်းမှာ စုဆောင်းခဲ့တဲ့ ပအိုဝ်းပြည်သူ့စစ်အင်အား (PNA) တစ်သောင်းခွဲကို အင်အားထုတ်ဖော် ပြသသွားမယ်လို့ စုံစမ်းသိရပါတယ်။
မြင့်မိုရ်တိုင်းရှိ ပေါမူကျေးရွာအတွင်း လာမယ့် တော်သလင်းလဆုတ် ၁၃ ရက်နေ့ (စက်တင်ဘာ ၃၀)မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဓမ္မစုဆောင်းခံရတဲ့ PNA တပ်ဖွဲ့ဝင်တွေနဲ့ သာမာန်ပြည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်သင်တန်းတောင် မပေးရသေးဘူး။ ခုက စစ်တပ်ခိုင်းတဲ့အတိုင်း အင်အားပြမှာ။ အဲဒီ အင်အားကို တကယ်အသုံးချလို့ ရ/မရ သူတို့ စိတ်မဝင်စားဘူး။ သူတို့သိတာက ဝါဒဖြန့်လိုက်မယ်ပေါ့။ မြေပြင်မှာ သူတို့ကို ဘယ်လောက်ထောက်ခံကြလဲ သူတို့ အသိဆုံး” လို့ ပေါမူဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်အင်အားပြသဖို့အတွက် PNA တပ်ဖွဲ့ဝင် အပါအဝင် အသက် ၁၈ မှ ၅၀ အတွင်း ပြည်သူတွေကို တစ်အိမ်တစ်ယောက် မဖြစ်မနေ ပါဝင်ကြဖို့ သတ်မှတ်ထားပြီး လာရောက်မယ့် လမ်းစရိတ်၊ စစ်ယူနီဖောင်းအတွက်လည်း တစ်ဦးကို ငွေ ၅ သောင်းကျပ် ထည့်ဝင်ရတယ်လို့ သိရပါတယ်။
“၅ သောင်းကတော့ ထည့်ရတယ်။ တချို့အိမ်ဆို ရှိသမျှ ယောင်္ကျားလေး အကုန်သွားရတယ်။ ၃ ယောက်ရှိ ၃ ယောက်ပေါ့။ မလာရင်လည်း ရွာကနေ ဖယ်ကျဉ်ထားတာတွေ ခံရတယ်” လို့ စစ်အားပြရမှာ ပါဝင်မယ့်သူတစ်ဦးက ပြောပါတယ်။
ပေါမူဒေသမှာ တော်သလင်းလဆုတ် ၉ ရက်နေ့ (စက်တင်ဘာ ၂၆)ကတည်းက အင်အားပြဖို့ စီစဉ်ထားပေမယ့် ရေကြီးရေလျှံမှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတာပဲ ဖြစ်ပါတယ်။
မြင့်မိုရ်တိုင်း အထူးဒေသ ၆ မှာ ကလော၊ တောင်ကြီး၊ ဟိုပုံး စတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေ ပါဝင်ပြီး PNO ရဲ့ ငြိမ်းချန်းယူတဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်းကတည်းက ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ပအိုဝ်းဒေသတွေတွင်း တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေမှာ PNA နဲ့ စစ်ကောင်စီတို့က တပ်သားသစ် အပြိုင်စုဆောင်းနေပြီး ဒေသခံတွေအနေနဲ့ ၂ ဖက်လုံးကို ကြောက်နေရတယ်လို့ ဆိုကြပါတယ်။
MK-014








