မဲခေါင်၊ စက်တင်ဘာ ၁၇
လက်ရှိ အိန္ဒိယ အာဏာရအစိုးရအဖွဲ့ရဲ့ ပါတီဖြစ်တဲ့ BJP ပါတီခေါင်းဆောင်လည်းဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးလည်းဖြစ်တဲ့ ဂီရီရက်ချ်ဆင်းက အိန္ဒိယ နိုင်ငံတဝန်းမှာ တရားမဝင် ဆောက်လုပ်ထားတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီပေါင်း ၃ သိန်းကျော်ရှိတယ်လို့ ဖွင့်ပြောလာမှုကြောင့် တင်းမာနေတဲ့ ဟိန္ဒူနဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား ပဋိပက္ခ ပိုမိုကြီးထွားလာဖွယ် ရှိနေပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က ဟီမာချယ်ပရာဒက်ရှ်ပြည်နယ် မြို့တော်ဖြစ်တဲ့ ဆင်းမလားမှာ တရားမဝင် ဗလီတွေ ဆောက်လုပ်ထားမှုနဲ့အတူ မြို့ထဲ အစ္စလာမ်ဘာသာဝင်တွေ စိမ့်ဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဟိန္ဒူ ဘာသာဝင်တွေဆီက ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဟိန္ဒူဘာသာဝင်တွေ ဗလီကို ဝိုင်းပိတ်ဆန္ဒပြမှုကြောင့် တစ်ယောက်သေဆုံး၊ ၁၀ ယောက်ဒဏ်ရာရပြီး အယောက် ၅၀ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီ ဟိန္ဒူဘာသာဝင်တွေရဲ့ လှုပ်ရှားဆန္ဒပြမှုကို BJP ပါတီနဲ့ မဟာမိတ်ဖြစ်တဲ့ Hindu Jagran March အဖွဲ့က ဦးဆောင်တာဖြစ်လို့ အစ္စလာမ် ဘာသာဝင်တွေအကြား ဖိနှိပ်ခံရမှာကို စိုးရိမ်နေချိန် ဂီရီရက်ချ်ဆင်းက အခုလို တစ်နိုင်ငံလုံး ခိုးဆောက်ထားတဲ့ ဗလီပေါင်း ၃ သိန်းကျော်ရှိတယ်လို့ ထပ်မံ ပြောဆိုလိုက်ခြင်းဟာ ဘာသာရေး တင်းမာကွဲလွဲမှုကို ပိုပြီး ပြင်းထန် လာစေတဲ့ လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။
ဆင်းမလားမြို့မှာ မြေအောက်ခန်းတွေထဲ ဗလီတွေ ခိုးဖွင့်ထားပြီး ဝတ်ပြုဆုတောင်းနေမှုအပေါ် ဟိန္ဒူဘာသာ ဝင်တွေက မကျေမနပ်ဖြစ်လို့ ဆန္ဒပြရာမှာ နှစ်ဖက် တိုက်ခိုက်မှုတွေဖြစ်ပွားသလို ရဲတပ်ဖွဲ့နဲ့လည်း အပြန် အလှန် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီ ပြဿနာမှာ ဓားမြောင်တွေ၊ ဓားရှည်တွေ၊ တုတ်တွေပါ ကိုင်ဆောင် ပြီး အကြမ်းဖက်အဓိကရုဏ်အသွင် စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံအာဏာပိုင်တွေက ဗလီတစ်ခုမှ အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းလုပ်သားတွေ ၅ ယောက်ထက် ပိုမစုဝေးရ အမိန့်ထုတ်ပြန်ခဲ့လို့ မွတ်ဆလင် အသိုင်းအဝိုင်းဘက်က လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်တယ်ဆိုပြီး ဒေါသတကြီး စောဒကတက်နေချိန် အစိုးရအဖွဲ့ဝန်ကြီး ဂီရီရက်ချ်ဆင်းကိုယ်တိုင်က နိုင်ငံထဲ တရားမဝင် ဗလီ ၃ သိန်းကျော်ရှိတယ်လို့ ထုတ်ပြောလာခြင်းဟာ ဟိန္ဒူနဲ့ မွတ်ဆလင်ဘာသာဝင်တွေအကြား ဟိန္ဒူဘက်က ဘက်လိုက်ပြီး နှိပ်ကွပ်မှုလို့ မွတ်ဆလင်ဘာသာဝင်တွေဘက်က မကျေမနပ် ဝေဖန်နေကြတာဖြစ်ပါတယ်။
Ref: thewire
MKF-001










