မဲခေါင်၊ စက်တင်ဘာ ၅
စက်တင်ဘာ ၃ ရက်နေ့က ယူကရိန်းနိုင်ငံ ပိုလ်တာဗာမြို့ဗဟိုချက်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာအကယ်ဒမီသင်တန်းနဲ့ စစ်ဆေးရုံကို ရုရှားဘက်က တိုက်ချင်းပစ် ဒုံးကျည် ၂ လုံးနဲ့ ပစ်ခတ်မှုကြောင့် ၅၁ ယောက်သေဆုံးပြီး ၂၇၁ ယောက် ဒဏ်ရာရခဲ့ပြီးနောက် စက်တင်ဘာ ၄ ရက်နေ့မှာလည်း ပိုလန်နယ်စပ်အနီးက အယ်လ်ဗစ်မြို့ကို ဒရုန်း နဲ့ ဒုံးကျည်ပေါင်းများစွာအသုံးပြုပြီး ထပ်မံပစ်ခတ်လို့ ကလေး ၃ ယောက်အပါအဝင် ၇ ဦးသေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာ ထပ်မံရရှိခဲ့ပါတယ်။
ကျူးကျော်စစ်ပွဲကာလအတွင်း ဒီနှစ်ရက်ဟာ ရုရှားရဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို အရက်စက်ဆုံး မဆင်မမြင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး သေဆုံးမှုလည်း အများဆုံးဖြစ်ခဲ့ပါတယ်။
အယ်လ်ဗစ်မြို့မှာ စာသင်ကျောင်း၊ အိမ်နဲ့ ဆေးခန်းတွေအပါ အဆောက်အအုံပေါင်း ၅၀ ကျော် ထိမှန်ပျက်စီးခဲ့ပြီး မြို့လယ်တည့်တည့်က အဆောက်အအုံများစွာ ထိမှန်လို့ ထိခိုက်သေဆုံး ဒဏ်ရာရမှုများခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဗစ်မြို့တိုက်ခိုက်ခံရပြီးနောက် ယူကရိန်းသမ္မတ ဇီလန်းစကီးက မဟာမိတ်တွေအနေနဲ့ ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ ပိုမို ပစ်ခတ်နိုင်စွမ်းရှိမယ့် တာဝေးပစ် ဒုံးကျည်တွေနဲ့ ယူကရိန်းမြို့တွေကို ကာကွယ်ရေး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထပ်ပေးပို့ကြဖို့ ပန်ကြားသွားခဲ့ပြီး တခြားဒေသတွေကိုလည်း ၁၀ ရက် အတွင်း ရုရှားဘက်က ဒရုန်းနဲ့ ဒုံးကျည် ရာပေါင်းများစွာ အသုံးပြုလို့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြောဆို သွားပါတယ်။
အယ်လ်ဗစ်မြို့ ပစ်မှတ်တွေဟာ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံနဲ့ မိုင် ၃၀ အကွာမှာသာ ရှိလို့ နေတိုးတပ်ဖွဲ့တွေဟာ အထူးလေကြောင်းရန်ကာကွယ်ရေး သတိပေး ဥဩသံတွေ လွှင့်သလို ဖိုက်တာဂျက်လေယာဉ်တွေနဲ့ နယ်ကျော် လာရင် ပစ်ချဖို့ ပျံသန်း စောင့်ကြည့်ခဲ့ကြရပါတယ်။
Ref:Thesun
MKF-001














