မဲခေါင်၊ စက်တင်ဘာ ၄
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမှာ ရှမ်းလက်နက်ကိုင်တွေဖြစ်တဲ့ SSPP နဲ့ RCSS တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက် ကျဆုံးမှု ရှိကြောင်း ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာ ရပ်စောက်မြို့နယ် ထင်းကွင်းရွာအနီး SSPP နဲ့ RCSS တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ထင်းကွင်းကျေးရွာက ပြည်သူနေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာလ ၃ ရက်၊ ညနေပိုင်းကလည်း အင်တောမြို့က ပါမဲနဲ့ မားသဲကျေး ရွာအုပ်စုနားမှာ SSPP နဲ့ RCSS တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့လို့ နှစ်ဘက်တပ်သား ကျဆုံးမှုရှိတယ်လို့ သိရပါတယ်။
SSPP ယာဉ်တန်းက အုန်းတောရွာနဲ့ အင်တောအကြား ရေကျော်တံတားအနီးမှာ ဆွဲမိုင်းမိတာမှာ ၃ ယောက်သေဆုံးပြီး ပါမဲကျေးရွာအုပ်စု ညောင်ပင်သာရွာအနီး ဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ RCSS တပ်ဖွဲ့ဝင် ၁ ဦးသေ၊ ၁ ဦးဖမ်းမိတာလို့ သိရပါတယ်။
နှစ်ဘက် ပြန်ကြားရေး သတင်းစဥ်တွေမှာ ယင်းဖြစ်စဥ်တွေကိုဖော်ပြလာတာမရှိသလို စုံစမ်းရာမှာလည်း ဆက်သွယ်လို့ မရပါဘူး။
လက်ရှိတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့သည် ရပ်စောက်၊အင်တော က ကျေးရွာအုပ်စုတွေမှာ နှစ်ဘက်စစ်ရေးတင်းမာမှု ဖြစ်ပေါ်လျက်ရှိကာ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဒေသခံတွေတိုက်ပွဲလွတ်ရာကို ထွက်ပြေးရှောင်တိမ်းနေကြရကြောင်းသိရပါတယ်။
မနေ့ကပဲ စစ်ကောင်စီက ဝါးပြားကျေးရွာကို ဂျက်လေယာဥ်နဲ့ဗုံးကြဲလို့ ရွာသူ အဖွားအို ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ရှမ်းလက်နက်ကိုင် ၂ တပ်မှာ စစ်ကောင်စီနဲ့ အဆင်ပြေနေပေမယ့် လူမျိူးတူ အချင်းချင်း ကတော့တိုက်ခိုက်နေတာဖြစ်ပါတယ်။
MK-012








