မဲခေါင်၊ သြဂုတ် ၁၄
ရှမ်းမြောက်၊ လားရှိုးမြို့တွင်း နေအိမ်တွေ ခြံဝန်းတံခါးတွေ၊ အုတ်တံတိုင်းတွေကို ဆေးနီသုတ်ထားတာတွေရှိပြီး MNDAA က သူတို့မလုပ်ကြောင်းနဲ့ လုပ်သူတွေကို ဖော်ထုတ် အရေးယူမယ်ပြောတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
တချို့ နေအိမ် ၊ ဆိုင်ခန်းတွေ ဖျက်ဆီးခံရတာ၊ မီးရှို့ခံရတာတွေရှိနေပြီး ကိုးကန့်တပ်တွေ လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဆေးအနီသုတ်ခံထားရတဲ့ အိမ်ရှင်တချို့က ကိုးကန့်အဖွဲ့ကို သွားရောက်ပြောပြတဲ့အခါ သူတို့မလုပ်ကြောင်းနဲ့ အဲလိုလုပ်သူတွေကို ဖော်ထုတ် အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဝန်ထမ်းမိသားစုတွေ အိမ်ပြန်မလာရဲအောင် လိုင်းပေါ်ကနေ သတင်းအမှားဖြန့်ပြီး ခြိမ်းခြောက်နေတဲ့အုပ်စုတွေ ရှိနေကာ ပြန်မလာရင် ချိတ်ပိတ်မယ် ဆိုပြီး သတင်းအမှားတွေဖြန့်နေတာလို့ သိရပါတယ်။
“တချို့မလိုသူတွေက လက်ဆော့တာပေါ့၊ တချို့ကလည်း မုန်းတဲ့အိမ်တွေကိုလုပ်တာ၊ တချို့အိမ်တွေကတော့ စစ်တပ်ဆက်နွယ်သူတွေ အိမ်မှန်တယ်၊ သူခိုးတွေကတော့ အများကြီးပဲဗျာ၊ MNDAA ကလဲ နေရာအနှံ့ ဖမ်းမပေးနိုင်သေးတော့ သူခိုးတွေ သောင်းကြမ်းနေတုန်းပဲ”လို့ လားရှိုး ရပ်ကွက်-၁ ဒေသခံ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
ယနေ့ သြဂုတ်လ ၁၄ ရက်အထိိ လားရှိုးမြို့ထဲမှာ ဘာဖုန်းလိုင်းမှမရသေးဘဲ ဟိုပိတ်ရွာအကျော် ၁၂ မိုင်၊ာ နမ့်တွန်းဘက်မှာ Mytel တစ်လိုင်းပဲ ဖုန်းပြောနိုင်ပြီး အင်တာနက်တော့ မရဘူးလို့သိရပါတယ်။
MNDAA ကတော့ Starlink ဂြိုလ်တု ဆက်သွယ်ရေးတွေ နေရာအချို့မှာ တပ်ဆင်ပေးထားပြီး အခမဲ့ သုံးစွဲနိုင်တာဖြစ်လို့ လားရှိုးမြို့ထဲ ပြည်သူတွေ လာရောက်သုံးစွဲနေတယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို MNDAA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက သြဂုတ်လ ၃ ရက်နေ့မှာ ရမခ စစ်ဌာနချုပ်ကို သိမ်းယူခဲ့ပြီးနောက် မြို့အုပ်ချုပ်ရေးကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
MK-012










