မဲခေါင်၊ သြဂုတ် ၁၃
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ အထူးဒေသ-၆ မှာ မြေယာလောက်ငရေးအတွက် အကြောင်းပြကာ PNO က တစ်အိမ်ထောင် ကျပ် ၁ သောင်းမထည့်မနေရ ကောက်ခံနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အထူးဒေသ-၆ တံဆိပ်အပါ ပအိုဝ်းဘာသာနဲ့ ရိုက်နှိပ်ထားတဲ့ ရည်ညွှန်းလိပ်မူတွေနဲ့ ကောက်ခံနေတာဖြစ်ပြီး ရတဲ့သူရှိသလို မရသေးတဲ့သူတွေလဲ ရှိနေတယ်လို့ သိရပါတယ်။
“အဲစာက အိမ်တိုင်းစေ့ကောက်တာလား၊ အလှူခံစာရွက်ဆိုပေမယ့် တအိမ် တသောင်းထည့်ရမယ်တဲ့
လို့ အဆိုပါစာရွက်ရရှိသူ ဟိုပုံးဒေသခံ ၁ ဦးကပြောသလိုအိမ်တော့ အဲစာရောက်မလာသေးဘူး၊ စစ်မှုထမ်းအတွက်လည်း ထည့်ရ ၊ အဲတာတွေလည်း ထည့်ရဆိုရင်တော့ ဝင်ငွေမရှိတာ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး” လို့ ဟိုပုံးအနောက်ရပ်သူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
ယင်းစာပါအကြောင်းအရာအရ အမျိုးတွေ မြေယာလောက်ငစေဖို့လို့ ဆိုပေမယ့် ဘယ်လို၊ ဘယ်အမျိုးတွေအတွက် ကောက်ခံနေတာလဲဆိုတာ ရှင်းလင်းစွာ မသိရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ယင်းစာတွေကို မနေ့ သြဂုတ်လ ၁၂ ရက်မှာ ဟိုပုံးမှာ လိုက်လံဖြန့်ဝေကောက်ယူနေသလို အခြား ပင်လောင်း၊ ဆီဆိုင်ဘက်တွေမှာလည်း ကောက်ယူနေတယ်လို့ ပြောကြပါတယ်။
လက်ရှိ ပအိုဝ်းဒေသပြည်သူတွေဟာ PNO အတွက် ထောက်ပံ့ရတာ၊ စစ်မှုထမ်းကောက်ခံငွေ ထည့်ရတာတွေနဲ့ အတိဒုက္ခရောက်နေတာ ဖြစ်နေတာမှာ အခုစာလို အကြောင်းပြ ငွေကောက်ခံမှုတွေကြောင့် တပူပေါ် ၂ပူဆင့် ခံစားနေကြရတယ်လို့ သိရပါတယ်။
အထူးဒေသ-၆ ကို အကျဉ်းချုပ်အားဖြင့် ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ တောင်ကြီး-ကျောက်တလုံး၊ ညောင်ရွှေ၊ မှော်ဘီ၊ မိုင်းပွန်-ပင်လုံ အထိ သတ်မှတ်ထားပြီး PNO ထိန်းချုပ်ထားတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ တော်လှန်ရေးအင်အားစုတွေ ရှိနေပြီး ဆီဆိုင်၊ ကရင်နီနယ်စပ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေကာ မြောက်ဘက် အင်တော၊ ကျောက်ဂူဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေ တိုက်ခိုက်နေတာဖြစ်ပါတယ်။
၂၀၁၄ သန်းကောင်စာရင်းအရ ဟိုပုံးမှာ အိမ်ထောင်စု ၁၀၅၁၉၆ စု၊ ဆီဆိုင်မှာ ၁၄၇၉၀၂ စု၊ ပင်လောင်းမှာ ၁၁၁၂၂၉ စု၊ ကျောက်တလုံးကြီးမြို့နယ်ခွဲမှာ ၅၅၄၄၁ စု၊ နောင်တရားမြို့နယ်ခွဲမှာ ၇၄၀၂၀ စု တို့နဲ့ အခြား ညောင်ရွှေ၊ ဖယ်ခုံ စတဲ့ အထုးဒေသ-၆ လူဦးရေ ၆ သိန်းကျော်မှာ ယခုစာပါ အိမ်တိုင်းစေ့ ငွေ ကျပ် ၁ သောင်းရရှိပါက ကျပ်သိန်းပေါင်း ၆ သောင်းဝန်းကျင်ရရှိမှာဖြစ်ပြီး ရရှိငွေကို ဘယ်လိုသုံးစွဲကြတယ်ဆိုတာငွေစာရင်းရှင်းတမ်း ထုတ်ပြန်တာ ဘယ်အခါကမှ မရှိတဲ့အတွက် လူထု အကျိုးရှိတာမဟုတ်ဘဲ အုပ်ချုပ်သူ လူတစ်စုသာ အကျိုးရှိတာဖြစ်လို့ ပြည်သူတွေက မထည့်ချင်ကြဘူးလို့ သိရပါတယ်။
MK-012








