မဲခေါင်၊ ဩဂုတ် ၁
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ တိုက်ပွဲမှာ ရမခတိုင်း (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်)နဲ့ ပူးပေါင်းမတိုက်ဘဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီ ရာထူးကြီးပိုင်းတွေကို ဇူလိုင်လ ၂၇ ရက်နေ့က မူဆယ်မြို့မှာ ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။
ရမခ ဦးဆောင်သူ ဒုဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ ဗိုလ်မှူးမင်းသန်း၊ ဗိုလ်မှူးဝင်းမောင်၊ ဗိုလ်ကြီး ရွှေလှ၊ ဗိုလ်ကြီးကောင်းပြည့်စုံ၊ တပ်ကြပ်နဲ့ လက်အောက်တပ်သား တချို့ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
“ရမခက ကျကိုကျမှာ။ သူတို့ တန့်ယန်းဘက်ကနေ ပို့နေတဲ့ စစ်ကူတွေကို “ဝ” က ဟထားပေးတယ် ဆိုပေမယ့် တက်လာတာနဲ့ တောက်လျှောက်ကျတာ။ ရမခရှေ့မှာ အလောင်းတွေ ပုံနေတယ်။ သူတို့အချင်းချင်းလည်း စကားများနေကြတယ်လို့ ကြားတယ်။ ဦးဆောင်သူက မရှိတော့ဘူး။ ရမခထဲကို ကိုးကန့်က ရှော့တိုက်ဒုံးနဲ့ ပစ်နေတာ” လို့ CDM ဗိုလ်ကြီးဇင်ယော် က ပြောပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ဟာ စစ်သက် ၁၇ နှစ်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ခြင်းလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တပ်တွင်းသတင်းများကို သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားတင်ပြနေသူဖြစ်ပါတယ်။



မနေ့(ဇူလိုင် ၃၁)ကလည်း စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ မှူး မျိုးမင်းထွေးကို ဗိုလ်မှူးချုပ်နေရာ၊ ရမခ Q1 ဦးစီးအရာရှိကို ဗိုလ်ကြီးနေရာ၊ ပျူစောထီးတွေ သေဆုံးသွားတဲ့ ပထမတန်း စစ်ကြောင်းကို ဦးဆောင်တဲ့ ဗိုလ်မှူးတွေကို ဗိုလ်မှူးကြီးနေရာ အသီးသီး ရာထူးတိုးပေးထားတယ်လို့ သိရပါတယ်။
ရမခ စစ်မြေပြင်ကို စစ်ရှံးသွားတဲ့ တိုင်းမှူးဟောင်း ကြည်းအထူးစစ်ဆင်ရေး (ကစထ)မှူး နိုင်နိုင်ဦး ဆက်လက် ကွပ်ကဲနေပြီး နေပြည်တော် စစ်ရုံးချုပ်ရဲ့ ဗိုလ်မှူးချုပ်ရာထူးကနေ ဇွန်လ ၃ ရက်နေ့ကမှ ဒုတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် (လကခ)တိုးပေးထားတဲ့ ဗိုလ်ချုပ်စန်းယုနိုင် (DSA 34) ပါလာတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုထားပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ပြင်းထန်ဒဏ်ရာ ရထားတဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းစစ်ဦးစီးချုပ်ရဲ့ နေရာမှာလည်း ရလခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း (တေဇ ၂၃) ကိုယ်တိုင် ဦးစီးကွပ်ကဲနေပါတယ်။
“တိုင်းမှူးကိုယ်တိုင် စစ်ကူလာတဲ့ ယာဉ်တန်းကို နမ့်စန်မှာကြိုပြီး မိုင်းရှူးအထိ လိုက်ပို့ပေးတာ ဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ (Facebook)မှာ ဖော်ပြထားပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီဖက်က တန့်ယန်းကနေတဆင့် စစ်ကူအဆက်မပြတ် ပို့ဆောင်နေပြီး ဦးဆောင်သူပိုင်း အပြောင်းအလဲလုပ်ထားပေမယ့် နေ့စဉ်နေ့တိုင်း အသေအပျောက် များလာတာကြောင့် ရမခ မကြာခင် ကျဆုံးတော့မယ်လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ်တွေက သုံးသပ်နေကြပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့ကလည်း လားရှိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရမခ ပျူစောထီး ဦးစီးအရာရှိ G1 ၊ မြေပြင်ဆေးတပ်ရင်း (မဆရ ၁၀) တပ်ရင်းမှူး၊ တစသ (၄) ဒုကျောင်းအုပ်တို့ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း လားရှိုးကနေ တန့်ယန်းမြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်နဲ့ လဝကရဲ့ ဦးစီးမှူးနဲ့ ဝန်ထမ်းများ၊ ကွမ်းလုံခရိုင်မှူး ဘုန်းမော်ရွှေ အပါအဝင် 2IC ဗိုလ်မှူးအများစုကို ဟိုယကျေးရွာမှာ MNDAA က ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
MK-014








