မဲခေါင်၊ ဇူလိုင် ၂၄
စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဘိန်းဘုရင်လော်စစ်ဟန်သားပိုင်ကုမ္ပဏီ Asia World က MNDAA ကို ရှမ်းမြောက်တိုက်ပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းစွာအဖြေရှာရေး စာတစ်စောင်ကို တရုတ်ဘာသာနဲ့ ပေးပို့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ရန်ကုန်က မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ ဖွဲ့စည်းထားတဲ့ စီးပွားရေး၊ လူမှုရေးအသင်းအဖွဲ့တွေကို ရှမ်းမြောက်တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ပန်ကြားစာတွေ ထုတ်ပြန်ပေးဖို့ စစ်ကောင်စီက ကြိုးပမ်း ဖိအားပေးခိုင်းစေနေတာလို့ သိရပါတယ်။
“ရန်ကုန်ကပြောလာတယ်။ ဘုံကျောင်းအဖွဲ့တွေလည်း MNDAA ကို အပစ်ရပ်ဖို့ ပြောပေးဖို့၊ စစ်ကို မလိုလားဘဲ ငြိမ်းချမ်းတာကို လိုလားတာတွေကို စာထုတ်တာ၊ ပြောပေးတာလုပ်ပေးဖို့ မှာလာတာ ရှိတယ်။ အဖွဲ့ဝင်တွေအားလုံး တိုင်ပင်ပြီးမှ ဒီကိစ္စကို လုပ်ရမှာ။ အေရှားဝေါလ်ကစာပို့တာတော့ကြားတယ်” လို့တောင်ကြီးမြို့က တရုတ်ဘုံကျောင်းအဖွဲ့ဝင်တစ်ဦးက မဲခေါင်ကဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။
Asia World က MNDAA ကိုပေးပို့စာမှာ အပစ်ရပ်ပြီး ဒေသပြန်ကာ စီးပွားရေးလုပ်ကိုင်ရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို ပန်းတိုင်ထားကာ ဆောင်ရွက်သွားမယ်လို့ ပါရှိကြောင်း သိရပါတယ်။
Asia World ကုမ္ပဏီပိုင် ကိုးကန့်ခရိုနီ ဦးထွန်းမြင့်နိုင် ခေါ် လော်ပင်ကျုံး ခေါ် Steven Law ဟာ စစ်ကောင်စီနဲ့ပူးပေါင်းကာ လမ်း၊ လေဆိပ် စတဲ့ လုပ်ငန်းစုံကိုလုပ်ကိုင်ခွင့်ရရှိနေသူ တစ်ဦးဖြစ်သလို ဆည်မြောင်းတွေကိုလည်း တရုတ်ကုမ္ပဏီတွေနဲ့ပူးပေါင်းလုပ်ဆောင်ခွင့် ရနေတာဖြစ်ပါတယ်။
မြန်မာပြည်တွင်း စစ်မျက်နှာတွေမှာ အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ကိုးကန့်MNDAA ကို အပစ်ရပ်ပေးဖို့ ကိုးကန့်၊ ဟန်လူမျိုးတွေနဲ့ တရုတ်လူမျိုးအဖွဲ့အစည်းတွေကို တဖက်လှည့်နဲ့ဖိအားပေးခိုင်းစေနေတာဖြစ်ကြောင်း သိရပါတယ်။
Photo – Reuters
MK – 012








