မဲခေါင်၊ ဇူလိုင် ၁၁
ဘင်လာဒင် သေဆုံးပြီးနောက် ISIS အားလုံးရဲ့ တသွေးတသံတမိန့် ပေးသူအဖြစ် ခေါင်းဆောင်တင်မြှောက်ခံခဲ့ရတဲ့ အဘူဘာကာအယ်လ်ဘက်ဂါဒီရဲ့ ဇနီးသည် မုဆိုးမကို အီရတ်တရားရုံးက ဇူလိုင် ၁၀ ရက်နေ့မှာပဲ နေအိမ်မှာ လိင်ကျွန်တွေ ထားရှိပြီး နှိပ်စက်ခဲ့မှုနဲ့ သေဒဏ်ချမှတ်လိုက်ပါတယ်။
အယ်လ်ဘက်ဂါဒီကို ၂၀၁၉ ခုနှစ်က ဆီးရီးယားအနောက်မြောက်ပိုင်း စစ်ဆင်ရေးတစ်ခုမှာ အမေရိကန်တပ်တွေက သတ်ဖြတ်နိုင်ခဲ့ပြီး အဲဒီအချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲဘောကြောင်ပြီး ခွေးသေဝက်သေ သေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
အဲဒီနှစ်မှာပဲ အယ်လ်ဘက်ဂါဒီရဲ့ ပထမဇနီး မိုဟမ်မတ်ကို တူရကီမှာ ဖမ်းဆီးရမိပြီး မိသားစုဝင်တွေနဲ့အတူ အရှေ့အလယ်ပိုင်းဒေသဆီ ပြန်လည်ပို့ဆောင်စေခဲ့တယ်လို့ အီရတ်အစိုးရက ကြေညာခဲ့ပါတယ်။
ဒီနှစ်ထဲမှာ မိုဟမ်မတ် ဟာ အီရတ်နိုင်ငံထဲ ပြန်လာခဲ့ပြီး BBC နဲ့ အင်တာဗျူးမှာ သူမဟာ ခင်ပွန်း အယ်လ်ဘက်ဂါဒီကို ကြောက်ရလို့ ထွက်ပြေးဖို့ ကြိုးစားနေသူဖြစ်ကြောင်းနဲ့ ISIS ရဲ့ ရက်စက်တဲ့အကြမ်းဖက်မှုတွေမှာ လုံး၀မပါဝင်ကြောင်း၊ ဘက်ဂါဒီဟာ လိင်ကျွန်မယားတွေ အများကြီးထားပြီး ISIS ခေါင်းဆောင်ပိုင်းတွေဟာ ဒီလိုပဲ မိန်းကလေးတွေကို လိင်ကျွန်အဖြစ် အများအပြားပိုင်ဆိုင်ကာ တဏှာရူးနေကြဖြစ်ကြောင်း၊ ၁၂ နှစ်အရွယ် သမီးအရင်းကိုတောင် ဘက်ဂါဒီဟာ သူ့မိတ်ဆွေဆီ လိင်ကျွန်အဖြစ် စေလွှတ်ပေးခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဘက်ဂါဒီဟာ သူ့နေအိမ်မှာ ယာဇီဒစ်ဘာသာ ကိုးကွယ်တဲ့ဒေသတွင်းက ယာဇီဒစ်ပြည်သူပေါင်း ၆၀၀၀ အပေါ် အငြိုးထား နှိပ်စက်သတ်ဖြတ်မှုတွေ လုပ်ခဲ့သလို အိမ်မှာ ယာဇီဒစ်နွယ်ဝင် အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် ထားရှိပြီး နှိပ်စက်ခဲ့ကြောင်း၊ မယားပေါင်း ၁၂ ယောက်ရှိတာတောင် ယာဇီဒစ်နွယ်ဝင်တွေကို လိင်ကျွန်အဖြစ်ခိုင်းစေ အနိုင်ကျင့်ခဲ့တယ်လို့ ဒီနှစ်ပိုင်းထဲ လွတ်မြောက်လာတဲ့ ယာဇီဒစ်နွယ်ဝင် အမျိုးသမီးတွေက အီရတ် တရားရုံးမှာ တရားစွဲရာမှာ မုဆိုးမ မိုဟမ်မတ်ဟာလည်း BBC မှာ လိမ်လည်ထွက်ဆိုတာဖြစ်ပြီး ဘယ်သူကဖြင့် ငါ့ကျွန်၊ ဘယ်သူကဖြင့် သူ့ယောက်ျားနဲ့ တခြား ISIS တွေအတွက် လိင်ကျွန်ဆိုပြီး ခွဲတမ်းခွဲပေးသူအဖြစ် ပါဝင်ခဲ့တဲ့ တရားခံလို့ စွဲချက်တင်ခဲ့ပါတယ်။
အီရတ် ဥပဒေမှာ ISIS ကို ဘယ်လိုနည်းနဲ့ ပူးပေါင်းပူးပေါင်း ကူညီကူညီ တစ်သက်တစ်ကျွန်းနဲ့သေဒဏ်လို့ သတ်မှတ်ထားတဲ့အတွက် ၂၀၂၄ ဇူလိုင် ၁၉ ရက်နေ့ ကြားနာမှုအပြီး တရားရုံး ချုပ်ကနေ မိုဟမ်မတ်ကို သေဒဏ် ချမှတ်လိုက်တာပဲဖြစ်ပါတယ်။
Ref: Thesun
MKF-001








