မဲခေါင်၊ ဇူလိုင် ၁၁
ဇူလိုင် ၈ ရက်နေ့က ယူကရိန်းမြို့တော် ကိဗ်က နိုင်ငံအကြီးဆုံး ကလေးဆေးရုံအပါအဝင် ဒေသ ၆ ခုကို ရုရှားဘက်က အသေအပျောက်၊ အပျက်အစီးအများနိုင်ဆုံး ဖြစ်စေဖို့ အင်အားပြင်း ဒုံးကျည်ပေါင်း ၃၈ လုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး ကလေး ၃ ယောက်အပါအဝင် ၄၁ ယောက် သေဆုံးစေခဲ့ပြီး ပူတင်ဟာ ဒီတစ်ရက် တည်းပစ်ခတ်မှုအတွက် ဒေါ်လာသန်း ၂၀၀ အထိ အကုန်အကျခံ ရက်စက်ခဲ့တယ်လို့ Forbes မဂ္ဂဇင်းက တွက်ချက် ဖော်ပြသွားပါတယ်။
ရုရှားပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၃၈ စင်းမှာ အစင်း ၃၀ ကို ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီ ဒုံးကျည် ၃၈ စင်းဟာ ၆ တန်အထိ အလေးချိန်ရှိတဲ့ အင်အားပြင်းအဆင့်မြင့် အသံထက်မြန်တဲ့ ဒုံးကျည်းတွေချည်းဖြစ်ပြီး Kh-47M2 ခေါ် Kinzhal လေကြောင်းပစ်ဒုံး တစ်လုံး၊ Iskander-M ပဲ့ထိန်းဒုံး ၄ လုံး၊ Zirkon ခေါ် 3M22 ခရုဇ်ဒုံး တစ်လုံး၊ Kh-59/Kh-69 လမ်းညွှန်လေကြောင်းဒုံးကျည် ၃ လုံး၊ Kh-101 ခရုဇ်ဒုံး ၁၃ လုံး၊ Kalibr ခရုဇ်ဒုံး ၁၄ လုံး၊ ပေ ၄၀ ရှည်ပြီး အနီးအနား တိုက်တာအဆောက်အအုံတွေကို ခါယမ်းသွားစေတဲ့ဧရာမ Kh-22 ဒုံးကျည် တစ်စုံ ကိုပါ ထည့်သွင်းပစ်ခတ်ခဲ့တာကြောင့် လက်ရှိတန်ကြေး ဒေါ်လာသန်း ၁၆၀ ကနေ ၂၀၀ ကြား ကုန်ကျခံခဲ့တယ် လို့ Forbes က တွက်ချက်ဖော်ပြသွားတာဖြစ်ပါတယ်။
စစ်ရေးလေ့လာမှုအင်စတီကျုက ရုရှားဟာ မှတ်သားဖွယ် စစ်ရေးနည်းဗျူဟာသစ်ကို စတင်ကျင့်သုံးလာတာဖြစ်ပြီး အပျက်အစီး၊ အသေအဆုံး အထိအခိုက်များစေဖို့ ရည်ရွယ်လာလို့ ဒီလို အကြီးမားဆုံး ဒုံးကျည်တွေကို ထုတ်သုံးလာတာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ဒီပစ်ခတ်မှုမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ဖျက်ချနိုင်စွမ်း နည်းစေဖို့ ရုရှားဟာ မြေပြင်အထက် ပေ ၁၆၀ လောက်ကနေ ပျံသန်းစေပြီး ပစ်ခတ်တာကြောင့် မျက်လုံးနဲ့တောင် ဒုံးကျည်ကြီးတွေကို အထိတ်တလန့်မြင်ခဲ့ရပြီး ကိဗ်မြို့က ဒုံးကျည်ထိမှန်တဲ့ Okhmatdyt ဆေးရုံပေါ်မှာ ဓာတ်ကင် ကုသမှုခံယူနေတဲ့ ကင်ဆာဝေဒနာရှင် ကလေးငယ်တွေ၊ နှလုံး အရေးပေါ်ခွဲစိတ်နေဆဲ ကလေးလူနာ ၃ ယောက် ဘေးလွတ်ရာ အသည်းအသန် ရှောင်ရှားစေရတဲ့အထိ ငရဲခန်းလို ဖြစ်ခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် နေတိုးအဖွဲ့ဟာ အားချင်းအစည်းအဝေးခေါ်ယူမှု လုပ်ခဲ့ပြီး ယူကရိန်းစစ်ဘက်ဆိုင်ရာ အကြီး အကဲတွေ၊ နိုင်ငံတကာက စစ်ရေးအထူးလေ့လာ သုံးသပ်သူတွေက ယူကရိန်းအတွက် နေတိုးအဖွဲ့ကြီး ရုရှားရဲ့ ရက်စက်စွာ တိုက်ခိုက်မှုကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးသင့်ပြီလို့ ဖိအားပေးတိုက်တွန်းလာ ကြပါတယ်။
Ref:Thesun
MKF-001












