မဲခေါင်၊ ဇွန် ၂၈
ရှမ်းမြောက် ၊ ကျောက်မဲမြို့မှာ မနေ့ည ဇွန်လ ၂၇ ရက်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲနေလို့ ပြည်သူတွေ အသေအပျောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညဘက် အဆက်မပြတ် ဗုံးများကြဲချနေတာမှာ ရပ်ကွက်-၈ အင်ကြင်းတောင်၊ သီလရှင်လေး ၂ပါး ဗုံးထိရာမှာ တစ်ပါး သေဆုံးကြောင်း သိရပါတယ်။

ဒရုန်းမှာ ညဘက် ပျံဝဲနေပြီး အင်ကြင်းတောင်ဘက် လေးလုံးကြဲချသံကြားရပြီး မီးရတဲ့ အမှတ်-၂ ရပ်ကွက်ကိ ဗုံး ၄ လုံးချသဖြင့် ပေါက်ကွဲသံများကြားနေရပြီး အထိအခိုက် မသိရသေးကြောင်း ပြောပါတယ်။
ကျောက်မဲ စကခ(၁) တွင် လားရှိုးကအရင်ထဲက ရောက်လာတဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ညမှ TNLA သိမ်းယူထားတဲ့ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတာလို့ ဒေသခံ တစ်ဦး က မဲခေါင်သတင်းဌာန ကို ပြောပါတယ်။
“လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက တပ်ဘက်က အသိပြောတာ ဒရုန်းတပ်ဖွဲ့ စကခ ထဲရောက်နေပြီလို့ပြောတာ ခုညမှ ချနေတာ လက်နက်ကြီးလိုပဲ ပေါက်ကွဲမှု ပြင်းတယ်၊ အိမ်တွေပါတုန်ပြီး မှန်တွေ တချို့ကွဲတယ်၊ မီးလဲ ဘယ်သူမှ မထွန်းရဲဘူး၊ ဘာတွေထိကုန်ပြီလဲ မခန့်မှန်းနိုင်တော့ဘူး၊ ဒီပုံနဲ့ချရင် သေကြေထိခိုက်တာများပြီး နေအိမ်တွေ ပျက်စီးမီးလောင်ကုန်လို့ မြို့ပျက်စီးတော့မှာ”လို့ အမှတ်-၂ ရပ်ကွက်က ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျောက်မဲ ဘက် ဗုံးကြဲတာကို ၇ မိုင် ဝေးတဲ့ ဘော်ကြိုက အတိုင်းသားကြားနေရပြီး သီပေါကပင်ကြားရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။စစ်ကောင်စီဟာ မြို့တွင်းက ဆုတ်ပေးပြီးမှ မွစာကြဲအောင် မြေလှန်စနစ်နဲ့ ပအိုဝ်းဒေသ ကဆီဆိုင်မြို့၊ ချင်းပြည်နယ်က မြို့တွေ၊ ကယားပြည်နယ်လွိုင်ကော်မြို့တွေလို အခုကျောက်မဲမြို့ကိုလည်း ဒရုန်းနဲ့ မြို့ဖျက်တော့မယ် ပုံစံကို ပြည်သူကို မညှာပဲ ကျင့်သုံးတော့မှာဖြစ်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
MK-012








