မဲခေါင်၊ ဇွန် ၂၀
ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကမ္ဘာနေရာတလွှားမှာ ဘယ်ကရောက်လာပြီး တည်ရှိနေမှန်းမသိတဲ့ ထူးခြားဆန်းပြား ကြေးမုံတိုင်ကြီး လာ့စ်ဗီးဂတ်မြို့နားမှာ ပြန်ပေါ်လာတာတွေ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ဘယ်ကလာမှန်း မသိ ဖြစ်နေကြောင်း ဝန်ခံခဲ့ရပြန်ပါတယ်။
သတ္တုပြင်ညီချပ်ပြားနဲ့ ဒေါင်လိုက် ထောင်လျက်ရှိနေတဲ့ ဒီတိုင်ကြီးကို ရှာဖွေကယ်ဆယ်ရေးအသင်းက ကျောက်ဆောင်ထူထပ်တဲ့ ဂက်စ်အငူထိပ်နားမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ် ကိုဗစ်ကပ်ဆိုးကာလက ဒီလို တိုင်တစ်တိုင် ရုတ်ချည်း တွေ့ခဲ့ရတဲ့နေရာနဲ့ မိနစ်အနည်းငယ်သာ သွားရင်ရောက်တဲ့ နေရာမှာ အံ့အားသင့်ဖွယ် ထပ်မံ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
လာ့စ်ဗီးဂတ် မက်ထရိုပိလီတန် ရဲတပ်ဖွဲ့ဌာနချုပ်က ကျောက်ဆောင်တွေပေါ် ထူးခြားစွာ ထောင်လျှက်တည်ရှိနေတဲ့ ဒီတိုင်ကြီးပုံကို ဓာတ်ပုံရိုက်ကူးပြီး X(ယခင်တွစ်တာ) ကွန်ရက်ပေါ် တင်ခဲ့ကာ “ကျွန်တော်တို့ တောင် တက်သမားတွေ ရာသီဥတုကို ကြိုမကြည့်၊ ရေလုံလောက်အောင် မသယ်သွားဘဲ တောင်တက်ရင်း ကြုံရတဲ့ဒုက္ခနဲ့ ထူးဆန်းတဲ့အရာတွေ အများကြီး ကြုံတွေဖူးတယ်။ ဒါကြီးကတော့ ဘယ်လိုလာပြီး ဒီမှာမတ်တပ်ရပ်လျက်ကြီး ရှိနေရတာလဲ မသိနိုင်တော့ဘူး။ လာ့စ်ဗီးဂတ် မက်ထရို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က တွေ့လာတာကြီးပါ” လို့ ရေးသားထုတ်ပြန်သွားပါတယ်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလကလည်း ပါတီပွဲတွေနဲ့ စည်ကားရာ Fremont Street Experience ရပ်ဝန်းမှာ ဒီလို တိုင်ကြီးတစ်တိုင် ဘယ်ကရောက်လာပြီး ဒေါင်လိုက်ရှိနေသလဲ မသိဘဲ မြင်တွေ့ ခဲ့ကြရပါသေးတယ်။
ဒီလို တိုင်ကြီးမျိုးကို အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ ယူတက်ခ်မှာ စတင်တွေ့ရှိရာက နောက်ပိုင်း သဲကန္တာရတွေထဲ မကြာခဏတွေ့ရပြီး ၂၀၂၀ ပြည့်နှစ်က ကယ်လီဖိုးနီးယားမှာ တစ်တိုင် ထပ်တွေ့ခဲ့ကြပါတယ်။ ဒါကို သက်ဆိုင်ရာတွေက ဖယ်ရှားမှုတွေလုပ်ခဲ့ပြီး တစ်ခုမှ ဘယ်ကဘယ်လို ပေါ်ပေါက် ဖြစ်တည်လာသလဲ ဆိုတာကို အဖြေရှာလို့ မရခဲ့ပါဘူး။
အမေရိကမှာသာ မဟုတ်ဘဲ ဒီလိုတိုင်တွေကို ရိုမေးနီးယား တောင်တန်းမှာ နိုဝင်ဘာ ၂၆ ရက်က တွေ့ရပြန်ပြီး အခုတော့ ရှိမနေတော့ဘူးလို့ သိရှိရပါတယ်။ ယူနိုက်တက်ကင်းဒမ်းမှာလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်က Isle of Wight ကျွန်း၊ ဂလက်စတန်ဘာရီနဲ့ ဒတ်မိုးရ်မြို့တွေမှာ တစ်နှစ်တည်း ဒီလိုကျောက်တိုက်တွေ တွေ့ရှိခဲ့ကြရပါသေးတယ်။
Ref:Thesun
MKF-001








