မဲခေါင်၊ ဇွန် ၁၄
အစိုးရက လူ့အခွင့်အရေးနဲ့ ကိုယ်ရေးကိုယ်တာမှန်သမျှ ထောက်လှမ်းစောင့်ကြည့်မှုနဲ့ အုပ်ချုပ်တဲ့ တရုတ်နိုင်ငံမှာ နောက်ဆုံး အများသုံး အိမ်သာတွေမှာတောင် အိမ်သာတက်ချိန် ဘယ်လောက်ကြာသလဲ ဆိုတာကို ဖော်ပြတဲ့ ဒစ်ဂျစ်တယ် အချိန်ဖော်ပြမှုစနစ် တပ်ဆင်ထားကြောင်း သိရှိရပါတယ်။
ဒီဖြစ်စဉ် ထင်ထင်ရှားရှား ပေါ်လွင်ခဲ့တာကတော့ ရှန်ဇီခရိုင်က တရုတ်နိုင်ငံရဲ့ ယူနက်စကိုအမွေအနှစ် သတ်မှတ်ခံ ယန်ဂန်းဗုဒ္ဓဂရော့တိုးစ်ခေါ် ဘုရားဖူးနေရာမှာဖြစ်ပြီး အိမ်သာသုံးသူ ဘယ်နှစ်မိနစ်၊ ဘယ်နှစက္ကန့် ကြာတယ်ဆိုတာကို အပြင်က လူတွေ သိစေနိုင်တဲ့ ဒစ်ဂျစ်တယ် LED အချိန်ပြစက် တင်ဆင်ထား တာကို ခရီးသွားတစ်ဦးက မှတ်တမ်းရိုက်ပြီး တရုတ်လူမှုကွန်ရက် Weibo မှာ တင်ခဲ့ရာက တဟုန်ထိုးပျံ့နှံ့ပြီး ပြောစရာဖြစ်လာခဲ့ရတာဖြစ်ပါတယ်။
ယန်ဂန်းဗုဒ္ဓဂရော့တိုးစ်ဂူ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး လှိုဏ်ဂူပေါင်း ၂၅၂ ခုမှာ ဗုဒ္ဓဆင်းတုပေါင်း ၅၁၀၀၀ ရှိတဲ့ အထင်ရှားဆုံး နယ်မြေဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း လာရောက်လည်ပတ်သူပေါင်း ၃ သန်းကျော်ရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။



ဒီ ဘုရားမြေမှာ မေ ၁ ရက်နေ့ ကစပြီး အိမ်သာသုံး Timer တွေကို တပ်ဆင်အသုံးပြု စေတာဖြစ်ကြောင်းနဲ့ တရုတ် အစိုးရဟာ ပြည်သူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အိမ်သာတက်တာအထိ မပေးဘဲ စောင့်ကြည့်စေတာဖြစ် ကြောင်း ဝေဖန်သူတွေလည်း မြင့်တက်လာခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ အရေးပေါ်အသက်ကယ်ဆေးရုံတွေမှာ ဒီလို Timer တွေ ထားရှိတာ ပိုအရေးကြီးပြီး အများသုံးအိမ်သာတွေမှာ လာတပ်ထားတာ မရောင်ရာ ဆီလူးတာသာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
ဒါပေမဲ့ အကောင်းမြင်သူတွေလည်း မနည်းမနောရှိပြီး အများသုံး အိမ်သာ တွေမှာ နောက်လူတွေကို မငဲ့ညှာဘဲ အိမ်သာထဲ ကျောက်ချထိုင်ပြီး ဖုန်းပွတ်၊ ဂိမ်းကစား အချိန်ဖြုန်းသူတွေကို ကောင်းကောင်း သတိပေးတဲ့ စနစ်လို့ သုံးသပ်နေကြပါတယ်
တရုတ်အစိုးရဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး လူမှုအကျိုးပြုစံနှုန်းစနစ်(social credit system)ကို ဒီဇိုင်းရေးဆွဲစေပြီး နိုင်ငံသားကောင်းတွေ ပီသစေဖို့ အိမ်သာတက်ရင်း အချိန်ဖြုန်း၊ ဖုန်းပွတ်၊ ဂိမ်းကစားတာတွေကို တားမြစ် တဲ့ ဒီစနစ်ကို ရုံးတွေမှာ စတင်အသုံးပြုစေခဲ့တာဖြစ်ပါတယ်။
စံနှုန်းနဲ့မညီဘဲ အုပ်ချုပ်ရေးကိစ္စ၊ ကုန်သွယ်မှုလုပ်ငန်း၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ လူမှုရေးဆိုင်ရာ အပြုအမူ ကဏ္ဍ ၄ ရပ်မှာ ထားရှိပြီး အိမ်သာအချိန်ဖြုန်းတက်သူတွေကို အဆင့်သတ်မှတ်ချက်ထားရှိလို့ ကောင်းမွန်တဲ့ Credit မရသူတွေကို လေယာဉ်ကြိုတင်လက်မှတ်မှာယူမှု၊ မြေယာနဲ့အိမ်ရာ ငှားရမ်းမှု သို့မဟုတ် ချေးငွေရယူမှုတွေမှာ တားမြစ်တာ၊ ရထားခရီး စဉ်တွေမှာလည်း သူများနောက်ဆုံးမှ ရထားပေါ် တက်ခွင့်ပြုတဲ့ စနစ်တွေနဲ့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
Ref:Thesun
MKF-001








