မဲခေါင်၊ ဇွန်၊ ၁၂
ဇွန်လ၊ ၉ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂:၃၀ နာရီ အချိန်လောက်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ ဝင်ရောက်လာလို့ တောင်ကိုရီးယားဘက်က ခြောက်လှန်ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း ဆိုးလ်မြို့ ကာကွယ်ရေးဦးစီးချုပ်များရုံးက ဇွန် ၁၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာသွားပါတယ်။
မျက်မြင်တချို့အဆိုအရ အယောက် ၂၀၊ ၃၀ လောက်ရှိတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ပုဆိန်နဲ့တခြား ကိရိယာတွေကို ကိုင်ဆောင်ပြီး စစ်မဲ့ဇုန်ထဲ ဝင်လာတာဖြစ်ကြောင်း၊ တောင်ကိုရီးယားဘက်က ပစ်ခတ်တော့ ချက်ချင်းအားလုံး လှည့်ပြန်သွားကြောင်း၊ တခြား ထူးခြားတဲ့ အနေအထားမျိုးကိုတော့ မတွေ့ရကြောင်း သိရှိရပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ်များရုံး ထုတ်ပြန်ချက်မှာတော့ ဒီစစ်မဲ့ဇုန်နေရာဟာ တောထူထပ်နေလို့ နယ်ခြားစည်းမှတ်တိုင်တွေကို မမြင်ဘဲ လမ်းမှားပြီး ရောက်လာတာမျိုး ဖြစ်နိုင်တယ်လို့ ထည့်သွင်း ရေးသားထားပါ တယ်။
လက်တလောမှာ တောင်နဲ့မြောက်ကိုရီးယားအကြား နယ်စပ်ကနေ တစ်ဖက်နဲ့တစ်ဖက် အမှိုက်တွေ၊ အညစ်အကြေးတွေ၊ ဝါဒဖြန့် လက်ကမ်းစာဆောင်တွေပါတဲ့ မိုးပျံပူဖောင်းတွေ ထောင်ချီ အပြန်အလှန် လွှတ်တင်နေခဲ့ပြီး တင်းမာမှုတွေဖြစ်တည်နေပါတယ်။
ဒီပြဿနာကြောင့် ရက်ပိုင်းအတွင်းကမှ တောင်ကိုရီးယားဟာ ၂၀၁၈ ခုနှစ်က နှစ်နိုင်ငံ ငြိမ်းချမ်းရေးရနိုင်ရေး သဘောတူစာချုပ် Inter-Korea စာချုပ်ကို ရပ်ဆိုင်းထားလိုက် ပြီဖြစ်ပါတယ်။
တောင်နဲ့မြောက်ကိုရီးယားဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ကိုရီးယားစစ်ပွဲကြီး ဆင်နွှဲခဲ့ကြပြီးမှ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သာ ချုပ်ဆိုနိုင်ခဲ့လို့ စစ်ပြေငြိမ်းခြင်း၊ စစ်ပွဲပြီးဆုံးခြင်း အရာမရောက်သေးဘဲ ဆက်လက် တင်းမာနေတာဖြစ်ပါတယ်။
Ref: malaymail
MKF-001