မဲခေါင်၊ မေ ၂၇
ရှမ်းမြောက်၊ ကျောက်မဲမြို့၊ ရပ်ကွက်-၁ မှာ ရှိတဲ့ ONE LOVE ဟိုတယ်ကို မနေ့ကည ပိုင်းမှာ လက်လုပ်ဗုံးနဲ့ပစ်ထည့်လို့ ဟိုတယ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။
မနေ့ မေလ ၂၆ ရက် ၊ ည ၈ နာရီခန့်မှာ ကျောက်မဲမြို့၊ ရပ်ကွက်-၁ ၊ မိန်းလမ်းမဖြစ်တဲ့ အောင်ဆန်းလမ်းမပေါ်က ONE LOVE ဟိုတယ်ကို ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက်က လက်လုပ်ဗုံးပစ်သွင်းခဲ့လို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်ဝန်ထမ်း နိုင်မင်းစိုး ဆိုသူရဲ့ ဘယ်ဘက်ခြေမျက်စိအထက်နဲ့ ညာခြေဖဝါးဖောက်ထွက်(မစိုးရိမ်ရ)ဒဏ်ရာတွေရခဲ့ပြီး ဟိုတယ်အတွင်း ရပ်ထားတဲ့ ခရီးသည်ကား ၂ စီး ပေါက်ကွဲမှုကြောင့် ကားမှန်နဲ့ကားဘော်ဒီ တို့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ယင်း ONE LOVE ဟိုတယ်မိသားစုမှာ ကျောက်မဲမြို့တွင် သားသတ်လိုင်စင်လုပ်ငန်းအပြင် အခြားမဖော်ပြနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြကာ တောင်ကြီးကလာရောက် နေထိုင်သူတွေလို့ မြိုခံတွေက ပြောကြပါတယ်။
“ဟိုတလောကပဲ မြို့ပေါ်က ကွမ်းယာဆိုင်၊ ကလေးမုန့်ဆိုင်ကအစ တစ်လ ကျပ် ငါးသောင်းပေးရမယ်လို့ အဖွဲ့တွေက ပြောလာတာရှိတယ်။ ၂ ဖွဲ့ဆို တစ်သိန်းပဲ။ အဲဆိုင်လေးတွေက ဘယ်လိုလုပ် ပေးနိုင်မလဲ၊ ဘဝရပ်တည်မှုတောင်အနိုင်နိုင်ဖြစ်နေတာ။ ခုလည်း ဒါကဆက်ကြေးမပေးလို့ သတိပေးတာဖြစ်နိုင်တယ်” လို့ ကျောက်မဲဒေသခံ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ဘယ်အဖွဲအစည်းက လုပ်တယ်ဆိုတာ မသိရသလို နယ်မြေအခြေအနေအရ ဆက်ကြေး(အခွန်) မပေးဆောင်လို့၊ ပျက်ကွက်လို့လုပ်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်နေကြပါတယ်။
ကျောက်မဲမြို့နယ်မှာ ညမထွက်ရအမိန့် တည်ဆဲဖြစ်လို့ ယင်းဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်း ညနေ ၆ နာရီနောက်ပိုင်း အစစ်ဆေးတွေတင်းကြပ်လာနိုင်တယ်လို့ မြို့လူထုက ခန့်မှန်းနေကြပါတယ်။
လက်ရှိ ကျောက်မဲမြို့ဝန်းကျင်တွင် SSPP နဲ့ TNLA တွေ လှုပ်ရှားမှုများပြားလာနေပြီး အင်အားတိုးချနေသလို စစ်ကောင်စီတပ်တွေလည်း အင်းအားတိုးချကာ အခိုင်အမာ ကတုတ်ကျင်းတွေကို ဘက်ဟိုးစက်များနဲ့တည်ဆောက်နေပြီး စစ်ရေးလှုပ်ရှားမှုများပြားလာနေတဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။
MK-012








