မဲခေါင် မေ ၁၁
အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။
ရှမ်းတောင် အထူးတပ်ဖွဲ့(SSF)က လိမ်လည်သူ အမည်ပါစာရွက်နဲ့ ကျည်ဆန်(၅)ထောင့်ကို ဓါတ်ပုံရိုက်ပြီး လူမှုကွန်ယက်ကတဆင့် သတိပေးထုတ်ပြန်ထားတာပါ။
လိမ်လည်ပြီး မဲလက်မှတ်တွေရောင်းချသူဟာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)က အိမ်ထောင်ရေးဖေါက်ပြန်မှုနဲ့ ထောင်ချထုတ်ပယ်ခံထားရတဲ့ တပ်သားအဆင့်ရှိသူ ဖြစ်ပြီး သူ့ကိုယ်သူ ဗိုလ်မှုးလို့လိမ်လည်ပြီး အမှုပွဲစား ဒလန်လုပ်နေသူ တစ်ဦးဖြစ်ပါတယ်။
တောင်ကြီးမြို့ ရေဖြူရွာက သူများရဲ့နေအိမ်နဲ့ ခြံကို မဲတစ်စောင် (၂၅၀၀)ကျပ်နဲ့ လိမ်လည်ရောင်းချခဲ့ပြီး ဆိုင်ကယ်(၅)စီး၊ ဖုန်း(၁၀)လုံးနဲ့အတူ အထူးဆု၊ နှစ်သိမ့်ဆုတွေပေးမည်ဟုဆိုကာ အမှန်တကယ် ဖုန်း(၁၀)လုံးသာ မဲဖေါက်ပေးခဲ့တယ်လို့ သိရပါတယ်။
မဲလိမ်လည်ရောင်းချခံရသူတွေအနေနဲ့ ပြန်အမ်းငွေတောင်းရာမှာ မပေးဘဲ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လိမ်လည်ခံရသူတစ်ဦးက”အဲခြံနဲ့ပတ်သက်ပြီး တရားရုံးမှာ အမှုဖြေရှင်းရတော့မယ်လို့လည်းကြားတယ်၊ မဲကို ဖေဖေါ်ဝါရီလကတည်းက ရောင်းတာ ဧပြီလကုန်မှဖွင့်တယ် ပြီးတော့ ဖုန်း(၁၀)လုံးဘဲ မဲဖေါက်ပေးတယ် ၂၅၀၀ တစ်ဦးတစ်ယောက်အတွက်တော့ မများပါဘူး မဲကို ဘယ်လောက်တောင် လိမ်လည်ရောင်းချထားလဲမသိဘူး”လို့ဆိုပါတယ်။
အခုလို အိမ်၊ ခြံ၊ မြေနဲ့ ကားကို မဲစနစ်နဲ့ ရောင်းချနိုင်ငံအနှံဖြစ်ပေါ်နေတာဖြစ်ပြီး တကယ်တမ်း အခုလို မဲရောင်းချတာဟာ လောင်းကစားမှုနဲ့ အကြုံးဝင်နေတာဖြစ်ပါတယ် မဲရောင်းချသူတွေဟာ အမှန်တကယ်ဖေါက်ပေးသူ အနည်းငယ်သာရှိပြီး အများစုက သတ်မှတ်ထားတဲ့ မဲထက်လိမ်လည်ရောင်းချနေသူတွေများပြီး မဲဖေါက်ရာမှာလဲ ကိုယ့်လူကိုယ် အပိုင်မဲဖေါက်ပေးတာတွေဖြစ်တယ်လို့ သိရပါတယ်။
MK-012








