မဲခေါင်၊ ဧပြီ ၄
နိုင်ငံခြားခရီးသွားတွေများတဲ့ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းကိုသွားတဲ့ ကူတို့သင်္ဘောဟာ ဧပြီ ၄ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်မှာ အင်ဂျင်းခန်းကနေ စတင်မီးလောင်ခဲ့ရာက တစ်စီးလုံး မီးလောင်နစ်မြုပ်သွားပေမယ့် ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့တွေဟား အားလုံးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။
ဧပြီ ၃ ရက် ည ၁၁ နာရီမှာ ဆူရတ်ဌာနီကနေ ခိုတောင်ကျွန်းကို မောင်းနှင်လာတဲ့ Ko Jaroen 2 ကူတို့ သင်္ဘော ဟာ ခိုတောင်ကျွန်းအနီး ပင်လယ်ထဲ မီးလောင်ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြား ခရီးသည်တွေ ရေထဲခုန်ချကြပေမယ့် လိုက်ပါသူ ခရီးသည် ၉၇ ဦးနဲ့ သင်္ဘော လုပ်သား ၁၁ ယောက်စလုံးကို သင်္ဘောမနစ်မြုပ်မီ အကုန်ကယ်တင်နိုင်ခဲ့ ပါတယ်။
သင်္ဘောလုပ်သား ၁၁ ယောက်စလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး မီးခိုမွှန်တဲ့ ခရီးသည်တွေကို ဆေးရုံတင်ပေးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ခိုတောင်ကျွန်းကို နိုင်ငံခြားခရီးသွား အများအပြား သတ်ခံရတဲ့ကျွန်း ဖြစ်တာကြောင့် ကမ္ဘာက သေမင်းတမန်ကျွန်းလို့ ခေါ်ဆိုကြပြီး ၂၀၁၄ ခုနှစ်က ဗြိတိန် ခရီးသွား အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်ကို သစ်သားပေါက်တူးနဲ့ ခုတ်သတ်၊ မုဒိမ်းကျင့်မှုဖြစ်ရာက မြန်မာနိုင်ငံသား ဘားဆိုင်လုပ်သား ဝင်းနဲ့ ဇော်ဆိုသူ ၂ ယောက်ကို ထိုင်းတရားရုံးက အငြင်းပွားဖွယ်ရာ စစ်ဆေးမှုတွေလုပ်ပြီး သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။
နောက်ပိုင်း ထိုင်းဘုရင့်လွတ်ငြိမ်းခွင့်နဲ့ ဝင်းနဲ့ဇော်ဟာ သေဒဏ်ကနေ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ပြောင်းလဲခံယူရပြီး အခုထိလည်း ပြစ်မှုတကယ်ကျူးလွန်ခြင်းမဟုတ်ခဲ့လို့ အယူခံထပ်တင်ရင်း လွတ်ငြိမ်းခွင့်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
Ref:Thesun
MKF-001