မဲခေါင်၊ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး – သီပေါ ကြား၊ စယ်အင် (စင့်အင့်)ရွာက စဉ့်အင်တံတားကွင်းလမ်းရှိ ကွန်ခိုက်ယာယီတံတားကနေ ယာဉ်ငယ်တွေကိုသာ သွားလာခွင့်ပြုမှာ ဖြစ်ကြောင်း ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ယာယီတံတား ကြည့်ကြပ်ရေး တာဝန်ရှိသူတွေ အသိပေးထားကြောင်း ဒေသခံတွေနဲ့ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ ကားကြီး ဖြတ်လို့ မရဘူး။ ကားငယ်ပဲ ရတယ်။ ဖြတ်သန်းခ ကောက်တယ်” လို့ သီပေါဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီ စဉ့်အင် ချောင်းဖြတ်ယာယီတံတားကို SSPP/ SSA အဖွဲ့က ယာဉ်ငယ်တွေအတွက် ရည်ရွယ်ပြီး ယာယီ ထိုးတားပေးတာလို့ သူက ပြောပါတယ်။
“ ၆ ဘီးက ခါလီပဲ ရမယ်။ ကားငယ်တွေပဲ အဆင်ပြေတယ်။” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ယမန်နေ့ကတော့ ယာဉ်ငယ် တစ်စီးချော်သွားတာမျိုးရှိတာကြောင့် ယာဉ်တွေ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
စဉ့်အင်ကွင်းလမ်း ကွန်ခိုက် ယာယီတံတားက ကားငယ်များအတွက်သာ ရည်ရွယ်ထားပြီး ၇ ပေ အကျယ်သာ ခင်းထားတဲ့အတွက် သတ်မှတ်ပေထက် ကျယ်တဲ့ကားတွေဖြတ်ရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ခရီးသွားကားများ အနေနဲ့ အိမ်စီးယာဉ်ငယ်များနဲ့ ခရီးသည်တင်ယာဉ်ငယ်၊ အံစာတုံးကား များသာ ဖြတ်သန်းသွားလာရန်၊ ကင်တာကုန်တင်ယာဉ်များ၊ ၆ ဘီးကုန်တင်ယာဉ်နဲ့အထက် ယာဉ်ကြီးများ ဖြတ်သန်းခွင့် မပြုကြောင်း ယာယီ တံတားကြည့်ကြပ်ရေး တာဝန်ရှိသူတွေက အသိပေးထားကြောင်း ယာဉ်မောင်းတွေက ပြောပါတယ်။
လားရှိုး – သီပေါ် ကြားက စဉ့်အင်တံတားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားရာက ထိခိုက်ပျက်စီးသွားတာ ဖြစ်ပါတယ်။
CJ-008
#MeKongNews
#စင့်အင်
#တံတား
#ဖြတ်သန်းခ
#ယာဥ်ငယ်