ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၁၀) ရပ်ကွက်၊ မြောက်ကွေ့ အိမ်ရာ အနီး ဘုရားလေးကွေ့ ကားရေဆေးခုံမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ စိန်ကုလား (ခ) ဘာဘူ ဆိုသူ သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ် ဝန်းကျင်မှာ အမည်မသိ လူတစ်စုက သေနတ်နဲ့ ၆ ချက် ပစ်ခဲ့တဲ့ အတွက် စိန်ကုလား ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
“ သူကြောင့် အဖမ်းခံရတဲ့ လူငယ်တွေ အတော်များတယ်။ ရပ်ကွက်ထဲမှာတော့ နာမည်ကြီးနေတာ။ သူနဲ့ မတည့်ရင် ရပ်ကွက်ထဲက သူတွေကိုလည်း လိုက်တိုင်နေတဲ့ ကောင်ပေါ့ဗျာ။ ခုတော့ သေချင်းဆိုးနဲ့ သေပြီ။ ဆန္ဒပြတဲ့ ကလေးတွေလည်း သူတိုင်လို့ အဖမ်းခံရတာတွေ အများကြီးရှိတယ်” လို့ သူကပြောပါတယ်။
လူသတ်မှု ဖြစ်ပွားပြီးနောက် သာကေတ (၁၀) မြောက်ရပ်ကွက် အတွင်း စစ်ကောင်စီတပ်တွေ လာရောက် စစ်ဆေးခဲ့ပြီး ဒီကနေ့ည အဆိုပါ ရပ်ကွက် အတွင်း ဧည့်စာရင်း စစ်ဆေးမှုတွေ ပြုလုပ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
အခု ပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ သတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သာကေတမြို့နယ်နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း အပါအဝင် ရန်ကုန်မှာ မကြာခဏဆို သလို စစ်ကောင်စီ သတင်းပေး ဆိုသူတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရမှုတွေ ဖြစ်ပွားနေပါတယ်။