ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၁) ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ ရတနာလမ်းထောင့်ရှိ မီးပွိုင့်မှာ လူနာတင်ယာဉ် အပါအဝင် ကား ၃ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ အိမ်စီးကား ၁ စီး မီးလောင်ခဲ့ပြီး ကားတွေပေါ်မှာ လိုက်ပါလာကြတဲ့ လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အခင်းဖြစ်ရာသို့ သွားရောက် ကူညီခဲ့သူ တစ်ဦးက ပြောပါတယ်။
“ အားလုံး ထိခိုက်မိတာက ၈ ဦး ထိတယ်။ မီးလောင်တဲ့ ကားပေါ်ကတော့ အမျိုးသား ၂ ဦး၊ အမျိုးသမီး တစ်ဦးကိုတော့ သင်္ကန်းကျွန်းဆေးရုံကို ပို့ပေးထားတယ်။ ကျန်တဲ့ လူနာတွေကိုလည်း နီးစပ်ရာ ဆေးရုံတွေကို ပို့ပေးထားပါတယ်” လို့ သူကပြောပါတယ်။
ယာဉ်တိုက်မှုမှာ အရေးပေါ် လူနာယာဉ် တစ်စီး၊ အယ်လ်ဖတ် ကားတစ်စီးနဲ့ မတ်တူး အိမ်စီးကားတို့ ၃ စီး ဆင့်တိုက်တာ ဖြစ်ပြီး မတ်တူး အိမ်စီးကား မီးလောင်လို့ မီးသတ်တပ်ဖွဲ့က လာရောက် ငြိမ်းပေးခဲ့တဲ့ အတွက် ည ၁၂ နာရီကျော်မှာ မီးငြိမ်းသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်း အတွင်း စစ်တပ်က ည ၁၂ နာရီ နောက်ပိုင် အပြင်မထွက်ရ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အတွက် အချိန်မီ ပြန်ရောက်ကြဖို့ အရှိန်နဲ့ အမြန် မောင်းနှင်ရာက အခုလို ဝင်တိုက်မိတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။