ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး-မင်းကုန်း အမြန်လမ်း၊ ရွှေပြည်အေး ဘုရားအနီးမှာ ဓားပြ အမျိုးသား ၃ ဦး သောင်းကျန်းနေတဲ့ အတွက် သတိပြုဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောင်ကြီး-မင်းကုန်း လမ်းမ၊ မိုင်တိုင် အမှတ် ၁၅ နဲ့ ၁၆ မိုင်ကြားမှာ လုယက် ဓားပြတိုက်နေတာ ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား ၃ ဦး ဖြစ်တယ်လို့ လုယက်ခံရသူ တစ်ဦးက ပြောပါတယ်။
“ သူတို့က စုံတွဲ ဆိုင်ကယ်တွေ လုတာများတယ်။ ဆိုင်ကယ် ခဏရပ်ခိုင်းပြီးမှ ဓားထောက်လုတာ။ ပါသမျှ ပစ္စည်းတော့ အကုန်ယူတာပဲ။ ဒီနား ပတ်ချာလည်က ရွာတွေကလည်း ဖြစ်နိုင်တယ်။ ရိုက်နှက်ပြီး ခြိမ်းခြောက် ပြောဆိုတာလည်း ရှိတယ်။ ငါတို့ ဒီမှာ လုပ်စားနေတာ ကြာပြီလို့တောင် ပြောသွားသေးတယ်” လို့ သူကပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အဆိုပါ နေရာမှာ ဆိုင်ကယ်စီးလာတဲ့ စုံတွဲကို အဲဒီ အမျိုးသား ၃ ယောက်က ဓားထောက်ကာ ဖုန်းနဲ့ ဆိုင်ကယ် လုယက်ခဲ့ပြီး စုံတွဲကို ထိုးကြိတ်ကာ လက်ပြန်ကြိုးတုတ်ပြီးနောက် လမ်းဘေးမှာ ထားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။