ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းရှေ့မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ် မောင်းနှင်လာသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဦးလှမိုး လူမှုကူညီရေးအသင်း-တာချီလိတ်ထံက သိရပါတယ်။
ဆိုင်ကယ် မောင်းနှင်လာသူဟာ အသက် ၄၀ ကျော်ဖြစ်ပြီး ကားနဲ့တိုက်မိလို့ ဦးခေါင်း၊ မျက်နှာ၊ ပေါင်အရိုးတွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့ ဆိုင်ကယ်သမားကို ဦးလှမိုး လူမှုကူညီရေးအသင်း-က တာချီလိတ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
မနေ့ ဒီဇင်ဘာ ၅ ရက်၊ အစောပိုင်းကလည်း မြို့ရှောင်လမ်းမှာ လူမှုကူညီရေးအသင်းဝင် တစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ပါတယ်။
တာချီလိတ်မြို့ဟာ နယ်စပ်မြို့ဖြစ်ပြီး ခိုးဆိုးလုယက်မှုတွေ၊ အနုကြမ်းစီးမှုတွေ၊ မုဒိမ်းမှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် စစ်ကောင်စီ လက်အောက်ခံ အာဏာပိုင်အဖွဲ့တွေကို ထုတ်ဖော်အရေးယူမှု အားနည်းနေတယ်လို့ ဒေသခံတွေက ဝေဖန်နေပါတယ်။