ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ အနီးမှာ YBS (၄၂) ယာဉ်နဲ့ အငှားယာဉ် ဝင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၈ ရက် နေ့လည်ပိုင်းက ပုံမှန်လမ်းကြောင်း အတိုင်း မောင်းလာတဲ့ YBS ယာဉ်ကို အငှားယာဉ်က တစ်ဖက်ကြောမှ ကွေ့ဝင်လာပြီး တိုက်မိခဲ့တာ ဖြစ်တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်း-တညင်းကုန်း တာဝန်ရှိသူက ပြောပါတယ်။
“ ကားပေါ်မှာ အမျိုးသမီး ၂ ယောက်ပါတယ်။ တစ်ယောက်ကတော့ ယာဉ်တိုက်မှု ဖြစ်တဲ့ နေရာမှာပဲ ဆုံးသွားတယ်။ ယာဉ်မောင်းကလည်း ကားထဲညပ်နေလို့ ဝိုင်းထုတ်ပေးရတယ်။ ကျန်တဲ့ ၂ ယောက်လည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်” လို့ သူကပြောပါတယ်။
ဒီယာဉ်တိုက်မှုကြောင့် YBS ယာဉ်ပေါ်ပါ ခရီးသည်တွေကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီး ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးကို မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံသို့ လူမှုကယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။