ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဒီဇင်ဘာလ ၃ ရက်၊ မနက်ပိုင်းက အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာရှိ သုဿန်ကုန်းမှာ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ စစ်ဆေးနေစဉ် PAJERO အဖြူရောင် မော်တော်ယာဉ်ကို စစ်ဆေးရာကနေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မော်တော်ယာဉ်ပေါ်မှာ ပြည်ဝင်ခွင့် အထောက်အထား မပါရှိတဲ့ တရုတ်နိုင်ငံသား ၇ ဦးကို စစ်ဆေးရာက တရားမဝင် ဝင်ရောက်လာကြောင်း စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတရုတ်နိုင်ငံသားတွေကို ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃/၁ နဲ့ (ပ)၄၄၈/၂၀၂၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ မြရွှေရည်ဟိုတယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။