မဲခေါင်၊ ဇူလိုင် ၂၄
စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ မြ၀တီမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-K.N.L.A ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အမိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကို စစ်ကောင်စီက ကျိုက်ထိုထောင်ထဲ ထည့်ထား တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ဆုတ်မိန့် မရဘဲ တပ်ဆုတ်ခဲ့တဲ့ ခမရ (၂) မှ တပ်ရင်းမှူး အာကာအောင် နဲ့ ဒု-တပ်ရင်းမှူး ကျော်သူမောင် တို့ ၂ ဦးကို အာဏာဖီဆန်မှုနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အကျဥ်းထောင်မှာ ဖမ်းဆီးထားကြောင်း ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘော က အတည်ပြု ပြောဆိုပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့၊ မနက် ၆ နာရီခန့်က K.N.L.A တပ်မဟာ (၆) ပူးပေါင်းတပ်ဖွဲ့များနဲ့ ဒရုန်းတပ်ဖွဲ့များမှ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ လက်ခတ်တောင် ဘုရားကုန်းနဲ့ တာဝါတိုင်ကုန်းရှိ ရန်သူ စခန်းကို စတင် တိုက်ခိုက်ပြီး ဇူလိုင် ၂၁ ရက်၊ မနက် ၅ နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲ အတွင်း စစ်ကောင်စီတပ် အင်အား ၆၀ ကျော်ရှိ ခမရ (၂) တပ်ရင်းနဲ့ ခမရ (၁၁၈) တပ်ရင်း ဘက်မှ ထိခိုက်သေဆုံးမှု များစွာရှိခဲ့ပြီးနောက် အမိန့်မရဘဲ တပ်ဆုတ်ခွာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ဆက်သွယ်ရေးစက် တစ်လုံး၊ 60mm ကျည် ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကားမိုင်း ၉ လုံး၊ Jammer စက် ၂ လုံး၊ မိုင်းရှာစက် ၂ လုံး၊ စက်လတ်ပြောင်း တစ်ပြောင်း၊ ကွန်မန်ဒို ၆၀ မမ ပြောင်း ၂ လက်၊ ၄၀ မမ ကျည် ၉ လုံး၊ G3 ကျည်ဘောက် ၄ ခု၊ MA ကျည်ဘောက် ၂ ဘောက်၊ စစ်ခမောက် ၈ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ RPG သီး တစ်လုံး၊ ၇ ဒသမ ၆၂ ကျည် ၁၈၈၀ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၃၀၂ တောင့် သိမ်းဆည်းရမိ ခဲ့တယ်လို့ KNU သတင်းပြန်ကြားရေးက ဆိုပါတယ်။
အချက်အချာကျတဲ့ အဆိုပါစခန်းကို ခက်ခဲစွာ ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အသက်ဆုံးရှုံးမှု မရှိဘဲ ၆ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
MK-005
#MekongNews
#လက်ခတ်တောင်
#K.N.L.A
#ကျိုက်ထိုထောင်