မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၊ အနောက်ရပ်ကွက်မှာ နေထိုင်တဲ့ ရီရှင်းရွှေဆိုင် ပိုင်ရှင် အိမ်အပြန်လမ်းမှာ ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာ ရွှေဆိုင်ပိုင်ရှင် အိမ်ပြန်လာစဉ် ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦး နောက်က လိုက်လာပြီး သေနတ်ထောက်ကာ ဆိုင်က သိမ်းဆည်းလာတဲ့ ရွှေထုတ်ကို လုယူသွားတာလို့ ဆိုပါတယ်။
သီပေါ မြို့မဈေးမှာ ဖွင့်လှစ်ထားတဲ့ ရီရှင်း ရွေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်၊ မနက်မှာလည်း အမည်မသိ အမျိုးသား ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ထောက်ကာ ရွှေတစ်ပိဿာခန့် လုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ဈေးရပ်ကွက်မှာ ဒေသခံတွေက ပြောပါတယ်။
ရီရှင်းရွှေဆိုင် ပထမအကြိမ် ဓားပြတိုက်ခံရတဲ့ နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဒီကနေ့ ဖော်ဖော်ဝါရီ ၂၁ ရက်နေ့မှာ တိုက်ဆိုင်စွာ ဒုတိယအကြိမ် ဓားပြတိုက်ခံခဲ့ရတာပါ။
အခု ဓားပြတိုက်မှုမှာ ရွှေထုတ်ပါသွားပေမယ့် တန်ဖိုး ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
အဲဒီရွှေဆိုင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကလည်း ဖောက်ထွင်း ခိုးယူ ခံခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အတွင်းမှာ ခိုးယူ လုယက်မှုတွေ နေ့စဉ် ဖြစ်ပွားနေပေမယ့် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ မရှိသလောက် နည်းပါးနေပါတယ်။
ပုံစာ- ရီရှင်းရွှေဆိုင် ပထမအကြိမ်ဓားပြတိုက်ခံရပြီးနောက် စစ်တပ်နဲ့ရဲတွေ လာရောက်စစ်ဆေးစဉ်။
#MeKongNews
#သီပေါ
#ရီရှင်းရွှေဆိုင်
#ဓားပြတိုက်