မဲခေါင်၊ မတ် ၂၀
မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မယ်သရောထစစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ အထူးစစ်ဆင်ရေးအဖွဲ့ (SOF) တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သား ၅၀ ခန့် ထိုင်းနိုင်ငံဖက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ မယ်သရောထစခန်းကို KNLA နဲ့ SOF တို့က မတ်လ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား ၅၀ ခန့်ဟာ ထိခိုက်ဒဏ်ရာတွေရပြီး ထိုင်နိုင်ငံဘက်အခြမ်းမှာရှိတဲ့ ပိုင်ခလိုင်ရွာကို ထွက်ပြေးသွားတယ်လို့ SOF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မယ်သရောထစခန်းနဲ့ ကပ်လျက်ရှိတဲ့ ဂျိုးဖြူချက်ပွိုင့်ကိုလည်း မတ်လ ၁၉ ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ကြီး၊ငယ် စုစုပေါင်း ၆၁ လက်နက် ခဲယမ်းတွေကို သိမ်းမိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနယ်စပ်က စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်မီးရှို့ခဲ့ပြီးနောက် နယ်စပ်တလျှောက် နယ်မြေစိုးမိုးထားတယ်လို့ SOF က ထုတ်ပြန်အသိပေးထားပါတယ်။