မဲခေါင်၊ မတ် ၂၁
မော်လမြိုင်မြို့၊ ချမ်းမြေ့ဂုဏ်ဆေးရုံမှာ ဆေးခန်းလာပြတဲ့ အမျိုးသမီးတစ်ဦး ထမင်းဆိုင်မှာ ထမင်းစားပြီးကားစောင့်နေစဥ် ဝတ်ထားတဲ့ ၃ကျပ်သားရွှေဆွဲကြိုးကို လုယက်ခံရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီနေ့၊ မတ်လ၂၁ရက် မနက်၁၁နာရီ ဝန်းကျင်ခန့်က လုယက်ခံရတာဖြစ်ပြီး ဆွဲကြိုးဖြတ်ပြေးသူကို ပြည်သူတွေက လိုက်လံဖမ်းဆီးခဲ့ရာ ရွှေဆွဲကြိုးပြန်ရခဲ့သလို လုယက်သူအမျိုးသားကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“ အလုခံရတဲ့သူတွေက ကျိုက္ခမီကနေ ဆေးခန်းလာပြတာ။ အသက် ၄၀ဝန်းကျင်လောက်ရှိမယ်။ ဘေးကအဖော်မိန်းမကြီးကလည်း အရွယ်တူတူလောက်ဘဲရှိမယ်။ သူတို့ကအော်တော့ ဘေးကလူတွေ သူခိုးနောက်လိုက်ကြတာ။ လုံးထွေးသတ်ပုပြီးမှ မိတယ်” လို့ သူက ပြောပါတယ်။
ဆွဲကြိုးလုယူဖြတ်ပြေးခဲ့သူကို ဘေးတွဲဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးက လုံးထွေးသတ်ပုပ်ဖမ်းဆီး ပေးခဲ့ပြီး ရပ်ကွက်ရုံးမှတဆင့် ရဲစခန်းကိုပို့ဆောင်ကာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
MK-005