မဲခေါင်၊ မတ် ၁၀
မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီ ကြေးနီသယ်ယာဉ် ၇၇ စီးပါ ယာဉ်တန်းကို မနေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေ မိုင်း ၂ ကြိမ်ဆွဲခဲ့လို့ စစ်သား အများအပြား သေဆုံး ထိခိုက်နိုင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းကနေ မုံရွာကိုသွားတဲ့ ကြေးနီသယ် ယာဉ်တန်းကို မနေ့က မွန်းလွဲပိုင်းမှာ ဝမ်းပြည့်ကျေးရွာနဲ့ အလကပ္ပကျေးရွာကြားမှာ ဒေသခံ ကာကွယ်ရေးတပ်တွေ မိုင်းဆွဲခဲ့ရာ ယာဉ်တန်းရဲ့ ၅ စီးမြောက်ကို ထိထိမိမိ ထိမှန်သွားတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာ အဆိုပါ ယာဉ်တန်းကို ပဒေသာမိုင်းနဲ့ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်တန်း ၁၂ စီးမြောက်ကို ထိမှန်ပြီး စစ်သားအများအပြား သေဆုံးထိခိုက် နိုင်တယ်လို့ ဆိုပါတယ်။
မိုင်း ၂ ကြိမ်ဆွဲခံရပြီး ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လူမှုကူညီရေးကားတွေနဲ့ လာသယ်သွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပေမယ့် မဲခေါင်အနေနဲ့ သီးခြား အတည်မပြုနိုင်သေး ပါဘူး။
ဒီတိုက်ခိုက်မှုတွေကို People’s Knight Defence Force Myinmu၊ People’s Army To Fight Dectatorship၊ D.B.B.F -MMU၊ People Defence Force၊ PADF-တပ်ခွဲ Dog Killers Defence Force အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်တာတွေ ရှိပေမဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
MK-007