မဲခေါင်၊ ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ လ.ဝ.က ရုံး အနီးမှာ ဗုံးတွေ့ရှိခဲ့လို့ စစ်တပ်က လာရောက် ဖောက်ခွဲသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၁ နာရီကျော်က ဗုံးတွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်လာပြီး လမ်းတွေပိတ်ကာ ဗုံးကို ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“ ရုံးနားမှာတော့ ဗုံးပေါက်ဖူးလို့ အကာအရံတွေ လုပ်ထားတာ။ ကားအဝင် အထွက် လုပ်မရဘူး၊ လူပဲ သွားလို့ရတယ်။ ၁ နာရီခွဲ အကျော်လောက်မှာ စစ်တပ်က သူတို့ဘာသာ ဖောက်ခွဲလိုက်တယ်။ လူတော့ တစ်ယောက်မှ မထိပါဘူး” လို့ သူကပြောပါတယ်။
စစ်တပ်က လ.ဝ.က ရုံးရှေ့မှာ ဗုံးဖောက်ခွဲခဲ့ပြီးနောက် ပတ်ဝန်းကျင်မှ CCTV မှတ်တမ်းတွေ ယူဆောင် စစ်ဆေးခဲ့ရာ ဗုံးထောင်တဲ့ မှတ်တမ်းကိုလည်း ရရှိသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဗုံဖောက်ခွဲပြီးနောက် စစ်ကောင်စီတပ်ဟာ မရမ်းကုန်း တပင်ရွှေထီးလမ်းမှ ထွက်ကာ ဘုရင့်နောင် လမ်းဆုံဘက်သို့ ဦးတည် မောင်းနှင်သွားတယ်လို့ မျက်မြင် တွေ့သူတွေက ပြောပါတယ်။
MK-005