မဲခေါင်၊ မေ ၃
ရှမ်း-ကရင်နီ အခြေစိုက် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-PNDF က ပြည်သူတွေကို ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ အဖြစ် ဖိတ်ခေါ်လိုက်ပါတယ်။
စစ်ကောင်စီ ထောက်လှမ်းရေး အင်အားကောင်းတဲ့ မြို့ပေါ်မှာ စစ်ကောင်စီရဲ့ လှုပ်ရှားမှု သတင်းတွေ ရရှိဖို့ ပြည်သူတွေကို ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေ အဖြစ် ခေါ်ယူတာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်သူတွေဟာ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေအတွက် နားနဲ့မျက်လုံးတွေ ဖြစ်ပါတယ်။ ပြည်သူတိုင်းသာ ကျွန်တော်တို့ရဲ့ နား၊ မျက်လုံးဖြစ်ပေးရင် စခ၊ ရခ၊ ပသစတွေ ခြေချစရာမြေ မရှိအောင် လုပ်လို့ရပါတယ်။ တကယ့် အခက်အခဲကြီး မဟုတ်ဘဲ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ လမ်းသွားလာရင်း စစ်ကောင်စီ၊ ရဲတွေနဲ့ ပြည်သူ့စစ်တွေကို မြင်ရင် သတင်းပေးတာမျိုး၊ ဘယ်လိုအချိန် ဘယ်နေရာမှာ အင်အားဘယ်လောက်နဲ့ ဘယ်ကိုဦးတည်ပြီး စခ၊ ရခ၊ ပသစ လှုပ်ရှားနေတာလဲ၊ ဘယ်နေရာမှာ အထိုင်ချပြီး နေတာလဲ လှည့်ကင်း ပုံစံလား ဒီလိုမျိုး သတင်းအချက်အလက်တွေကို သတင်းပေးရုံနဲ့ တော်လှန်ရေးကို ဝင်ကူလို့ရပါတယ်” လို့ PNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးဖို့ အတွက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်းရမှာဖြစ်ပြီး Signal၊ Telegram Channel နဲ့ PNDF ပေ့ချ်တွေကနေတဆင့် သတင်းပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
CJ – 001
#MeKongNews
#ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-PNDF
#ထောက်လှမ်းရေး