မဲခေါင်၊ ဇွန် ၉
ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုက မနေ့က ထုတ်ပြန်ခဲ့ပြီး ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၆၂ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟဲ၊ လွယ်လုံ၊ ခေါင်းအိနဲ့ စက်တော်ကျေးရွာတွေကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွေကို Joe Phyu Revolution Force၊ ဖယ်ခုံPDF၊ KNDF၊ PDF-Loikaw၊ DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF (1001) (1007)၊ တပ်ရင်းအမှတ် (1002) (1008) (1003) (1009)၊ KRU၊ NPT-PDF တပ်ရင်းတွေနဲ့ အလယ်ပိုင်းတိုင်း အထူးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီ စစ်ကြောင်းမှူးနဲ့ အရာရှိတွေ အပါအဝင် စစ်သား ၆၂ ဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ ချိုးဖြူ တော်လှန်ရေးအင်အားစုက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပစ်ခတ်ကြဲချတဲ့အပြင် ဖယ်ခုံ စကခ (၇) နဲ့ (၃၃၆) တပ်မှ လက်နက်ကြီးပစ်ကူ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ဦး ကျဆုံးခဲ့ရပြီး ရဲဘော်တစ်ဦး ဦးခေါင်း လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပင်လောင်း-ဖယ်ခုံဒေသမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ လက်ရှိအချိန်ထိ ချိုးဖြူ တော်လှန်ရေးအင်အားစု အနေနဲ့ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ အသိပေး ထားပါတယ်။
MK-007
#MeKongNews
#ပင်လောင်း-ဖယ်ခုံတိုက်ပွဲ
#ချိုးဖြူတော်လှန်ရေးအင်အားစု