မဲခေါင်၊ မတ် ၁၈
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာ အနီးရှိ ခမရ (၆၀၄) တပ်ရင်း ပင်မတပ်စခန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က နေပြည်တော် PDF က စစ်သုံး တာဝေးပစ် မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ရာ စစ်တန်းလျားကို ထိမှန်ခဲ့တယ်လို့ PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အောင်နန်းချိုရွာ အနီးရှိ ခမရ (၆၀၄) တပ်ရင်းကို မစ်ဇိုင်းဒုံး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ရာ စစ်သားတွေနေတဲ့ စစ်တန်းလျားပေါ် ကျည်တည့်တည့်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ နေပြည်တော် PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
“အောင်နန်းချိုရွာ နားက ခမရ (၆၀၄) နောက်တန်း ပင်မတပ်ရင်းကို ပစ်တာပါ။ လက်နက်ကြီး ၄ လုံး ပစ်တယ်။ တစ်လုံးက စစ်တန်းလျားပေါ် တည့်တည့်ကို ကျတာ။ နောက်တစ်လုံးက လက်နက်တိုက်နားကို ကျတယ်။ ကျန် ၂ လုံးကတော့ တပ်ရင်းနားကို ကျတယ်’’ လို့ သူကဆိုပါတယ်။
ခမရ (၆၀၄) တပ်ရင်းဟာ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ လိပ်သိုဗျူဟာမှာ လှုပ်ရှားနေပြီး ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာကြောင့် အခုလို နောက်တန်း စခန်းကို တိုက်ခိုက်တာဖြစ်ပြီး စစ်သားတွေ ထိခိုက် သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲလို့ သူက ပြောပါတယ်။
မစ်ဇိုင်းဒုံး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
MK-007